လွိုင်လင် ဇွန် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြို့လယ်သာသနာ့ဗိမာန် ဓမ္မာရုံ(မြေညီထပ်) ဘက်စုံပြုပြင်မွမ်းမံပြီးစီး၍ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒ ၊ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဝင်းဆွေ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ၊ မြို့လယ်သာသနာ့ဗိမာန် ဂေါပကဥက္ကဋ္ဌ နှင့် မြို့မိမြို့ဖ တစ်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ယင်းနောက်ဆရာတော်များနှင့် တာဝန်ရှိသူများက ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီးနောက် ဆရာတော်များက အောင်ဂါထာကို ရွတ်ဆိုကြသည်။
ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ဆရာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တပညာနန္ဒ ထံငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက် ရတနာစည်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသီလာနန္ဒက မြို့လယ်သာသနာ့ဗိမာန် ဓမ္မာရုံ(မြေညီထပ်) ဘက်စုံပြုပြင်မွမ်းမံမှု လုပ်ငန်းများအတွက် အလှူရှင်ပေါ်ပေါက်လာပုံနှင့် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းလျှောက်ထားပြီး ဆောက်လုပ်ရေး ပိသုကာ အင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ မြို့လယ်သာသနာ့ဗိန်မာန် ဓမ္မာရုံ အဖွဲ့သစ် ဖွဲ့စည်းထားရှိမှု၊ ဂေါပကအဖွဲ့မှ ပုံမှန်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဂေါပကအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းလျှောက်ထားသည်။ ယင်းနောက် ဆရာတော်သံဃာတော်များအား နဝကမ္မ ဆက်ကပ်လှူဒါန်းပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို တပ်နယ်မှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က အသီးသီးပေးအပ်ကြပြီးနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့လယ်သာသနာ့ဗိမာန် ဓမ္မာရုံသည် လွန်ခဲ့သော နှစ်ပေါင်း(၆၀)ကျော်က တည်ဆောက်ထားခဲ့ပြီး ယခုအခါတွင် ယိုယွင်းပျက်စီးလာပြီဖြစ်သောကြောင် မတည် အလှူရှင်တစ်ဦးမှ ကျပ်သိန်း(၅၀၀)၊ အခြားအလှူရှင်တစ်ဦးမှ ကျပ်သိန်း(၁၀၀) ၊ စုစုပေါင်း လှူဒါန်းငွေ ကျပ်သိန်း(၆၀၀)ဖြင့် ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဓမ္မာရုံမှာ အလျားပေ ၉၀ နှင့် အနံပေ ၅၀ ရှိကြောင်း ၊ ယခင်က တစ်ထပ်သာ ဖြစ်သော်လည်း ယခုအခါတွင် နှစ်ထပ်တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် လှူဒါန်းလိုသည့် အလှူငွေများကို ရတနာစည်ဆရာတော်(လွိုင်လင်)နှင့် သာသနာ့ဗိမာန် ဓမ္မာရုံ ဂေါပကအဖွဲ့များထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မိုးလွင်ဦး (လွိုင်လင်)