ပုဏ္ဏားကျွန်းမြို့တွင် မိုးရာသီကာလစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ပုဏ္ဏားကျွန်း  ဇွန်  ၂၀


  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်များစိမ်းလန်းစိုပြေပြီး၊ ကျောင်းပတ်ဝန်းကျင်များ သာယာလှပစေရေးနှင့်ရာသီဥတုမျှတစေရန် ရည်ရွယ်ချက် ဖြင့်  မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ မိုးရာသီကာလ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက ပုဏ္ဏားကျွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခြံဝင်း၌ ကျင်းပသည်။
 အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊အ မျိုးသမီးရေးရာ အဖွဲ့ဝင် များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက  မန်ဂျန်ရှားပျိုးပင် ၃၅၀ ၊သပြေ ၁၀ ပင်၊ပိတောက်၁၀ ပင်၊မဟော်ဂနီ ၁၀ ပင် စုစုပေါင်းပျိုးပင်(၃၈၀)တို့ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများ၊ရပ်ကွက်/ ကျေးရွာများ၊ စာသင် ကျောင်းများသို့ မြေကွက်လပ်နေရာများတွင်စိုက်ပျိုးရန် မန်ဂျန်ရှားပျိုးပင်(၁၀၀၀၀)အား ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)