ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ မူးယစ်ဆေးစွဲသူများအတွက် ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား    ဇွန်    ၂၀

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့၊ နန်ကျင်ကျေးရွာရှိ မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် ဂရုဏာလက် လူငယ်ပြုစုပျိုး ထောင်ရေးသင်တန်းကျောင်းအတွင်း ရီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် ခန်းမဆောင် နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲသို့ ဇွန် ၁၉ ရက် နံနက် (၁၀)နာရီ တွင် တက်ရောက်အားပေးခဲ့သည်။

ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးအသင်းအဖွဲ့သည် ပြည်နယ်အတွင်းရှိ မူးယစ်ဆေးစွဲ လူငယ်/လူရွယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ နှစ်သိမ့်ခွန်အားပေးခြင်း၊ ဘာသာရေးအရ သွန်သင်ဆုံးမပေးခြင်းဖြင့် မူးယစ်ဆေးဖြတ်ပေးခြင်းအပြင် ပြန်လည်ထူထောင် ရေးအတွက် သက်မွေးပညာများကို လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာ အသင်းအဖွဲ့၏ သင်တန်းကျောင်းအတွင်း လိုအပ်လျက်ရှိသည့် ရီဖောင်ဒေးရှင်းမှ ဆောက်လုပ် လှူဒါန်းထားသော ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်တို့ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦခက်ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ခန်းမဆောင်နှင့် ကျောင်းဆောင်သစ်အပ်နှင်းခြင်းကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲကို ခန်းမဆောင်သစ်အတွင်း ဆက်လက်ကျင်းပရာ သိက္ခာတော်ရဆရာတော်များက ဆုတောင်း ဆက်ကပ်ပေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုလို မိမိတို့ပြည်နယ်အတွင်းမှ လူငယ်လူရွယ်များအား မူးယစ်ဆေးဝါး၏ကျေးကျွန်အဖြစ်မှ ပြန်လည်ထူထောင်ကယ်တင်ပေးခြင်း အားဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ်အတွက် အကျိုးပြုနိုင်သည့် လူသားအရင်းအမြစ်များ ပြန်လည်ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ပေးနေကြသည့် ဂရုဏာလက်လူငယ် ပြုစုပျိုးထောင် ရေးအသင်းအဖွဲ့အပြင် ကျန်ရှိသည့် အလားတူအဖွဲ့အစည်းများအားလုံးကိုလည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းကူညီ လက်တွဲအားပေးဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းအားပေး မှာကြားသည်။

ယင်းနောက် ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးအသင်းအဖွဲ့ ဥက္ကဋ္ဌ ဦးတန်ရော်က အသင်း ထူထောင်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းကျောင်းအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ခန်းမဆောင်နှင့် ကျောင်း ဆောင်သစ်ဆောက်လုပ်လှူဒါန်းပေးသည့် အလှူရှင် ရီဖောင်ဒေးရှင်းတည်ထောင်သူ ဦးအောင်မြင့်၊ ဦးခက်ထိန်နန်၊ဦးကျော်မိုးနိုင်၊ဦးတာဂျန်၊ဦးညီညီတို့အားဂုဏ်ပြုမှတ်တမ်းလွှာနှင့်သင်တန်းကျောင်း ဝင်းအတွင်း ပံ့ပိုးကူညီပြင်ဆင်ဆောင်ရွက်ပေးခဲ့သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့အား ဂုဏ် ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး မူးယစ်ဆေးဖြတ် လူငယ်များက ဂုဏ်တော်ချီးမွမ်းခြင်း၊ သိက္ခာ တော်ရဆရာတော်များနှင့်ဘုန်းတော်ကြီးတို့က ဆုတောင်းဆက်ကပ်ပေးခြင်း၊ သင်တန်းသား တစ်ဦးက မူးယစ်သုံးစွဲခဲ့မှုအတွက် နောင်တရ သက်သေခံခြင်း၊ ဆုတောင်းဆက်ကပ်ကောင်းချီးပေး ခြင်းတို့ ကိုဆောင်ရွက်ခဲ့ကြသည်။

ယနေ့ ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းအတွင်း လိုအပ်သည့် ခန်းမ ဆောင်နှင့် ကျောင်းဆောင်သစ်ကို ရီဖောင်ဒေးရှင်းအနေဖြင့် ငွေကျပ်သိန်း(၁၂၀၀) ကုန်ကျခံ ဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး အလားတူ ရီဖောင်ဒေးရှင်းအနေဖြင့် မြစ်ကြီးနား မြို့နယ် အတွင်းရှိ ညောင်ပင်သာကျေးရွာ မူလတန်းကျောင်း ဆရာဆရာမများ နားနေဆောင်၊ ဟိုကပ်ကျေးရွာအုပ်စု တွင်အလယ်တန်းကျောင်းအတွက်နှစ်ထပ်စာသင်ဆောင်သစ်တို့ကိုလည်း ဆောက်လုပ်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)