စစ်တွေ ဇွန် ၁၉
ရခိုင်ပြည်နယ် ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (VLDF)မှ မင်းပြား မြို့နယ် ကျောက်ခုတ်ကျေးရွာ စာကြည့်တိုက်သို့ စာအုပ်စာစောင်များကို ယနေ့နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတွင်းရေးမှူး စာရေးဆရာ အောင်ကြည်မိုး (သင်းပုန်းတန်း)က ပြောကြားခဲ့သည်။
စာအုပ်များသွားရောက်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ဆရာအောင်ကြည်မိုးက “ကျွန်တော်တို့ ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရတဲ့ ကျေးရွာတွေမှာရှိတဲ့ စာကြည့်တိုက်တွေ ပြန်လည်အသက်ဝင်လာစေဖို့၊ စာကြည့်တိုက်တွေဖွံ့ဖြိုးတိုး တက်လာစေဖို့နဲ့ လူငယ်တွေအွန်လိုင်းမီဒီယာပေါ်မှာ အချိန်ကုန်မနေစေဘဲ စာကြည့်တိုက်များသို့ သွားရောက်ပြီး စာပေတွေဖတ်ရှုလေ့လာကြစေဖို့ ရည်ရွယ်ပြီး ဖောင်ဒေးရှင်းအသင်းဝင်တစ်ဦးက တစ်လစာအုပ် တစ်အုပ်ထည့်ဝင်လှူဒါန်းပေးပြီးတော့၊ ပြည်တွင်း၊ ပြည်ပကအလှူရှင်တွေက လှူဒါန်း ပေးတဲ့ငွေတွေနဲ့ စာအုပ်အတွေဝယ်ယူပြီး ကျေးရွာတွေမှာရှိတဲ့ စာကြည့်တိုက်တွေကို သွားရောက်လှူ ဒါန်းပေးနေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
စာအုပ်စာစောင်များလှူဒါန်းပွဲတွင် ဖောင်ဒေးရှင်းနာယက စာရေးဆရာ ဗဂျီးကျော်နှင့် စာရေး ဆရာမ ဒေါ်ချမ်းချမ်း(ကျောက်တော်)တို့က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြား ပြီး ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ဦးခိုင်မြတ်ကျော်က လူငယ်လူရွယ်များ စာပေဖတ်ရှုခြင်းဖြင့် ဥနှောက်တံခါး၊ နှလုံးသားတံခါးများပွင့်လင်းလာကာ ဘဝတိုးတက်ရေးကို ဆောင်ရွက်ကြစေရန်၊ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးရေးထိန်းသိမ်းကြရန်နှင့် ပြည်နယ်အတွင်းစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ သွားရောက်လှူဒါန်းနေမှုတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောက်ခုတ်ကျေးရွာ စာကြည့် တိုက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က စာအုပ်စာပေများလှူဒါန်း ခြင်းအပေါ် ကျေးဇူးတင်စကားပြန်လည် ပြောကြားကြသည်။
ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(VLDF)မှ မင်းပြားမြို့နယ် ကျောက် ခုတ်ကျေးရွာ စာကြည့်တိုက်သို့ သုတ၊ ရသ၊ ဂျာနယ် စာအုပ်မျိုးစုံ ၃၅၀ ကျော်ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)