ကန်ကြီးထောင့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် လူဦးရေးစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး

ကန်ကြီးထောင့် ဇွန် ၁

ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများကို အိမ်ထောင်စုနှင့် လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မေ ၃ ရက်နေ့မှစ၍ ပြုလုပ်ပေးလျက်ရှိသည်။


ကန်ကြီးထောင့်မြို့နယ်အတွင်း ရပ်ကွက် ၇၊​ ကျေးရွာအုပ်စု ၇၃၊ ပြည်သူ ၉၄၀၇ ဦးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရန် ရှိသည့်အနက် စီမံချက်ကာလဖြစ်သော မေ ၃ ရက်နေ့မှ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၈၈ ဦး၊ အိမ်ထောင်စုနှင့် လူဦးရေစာရင်း ၂၉၄ စု ကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ကျန်ရှိသောမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများကို မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများကို အဖွဲ့ ၃ ဖွဲ့ခွဲ၍ အလှည့်ကျဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
 

ပြည်သူ့အတွက် ပန်းခင်းစီမံချက်သည် ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုနှင့် လူဦးရေ စာရင်း မရှိသူများ၊ အိမ်ထောင်စုနှင့် လူဦးရေ စာရင်းရှိသော်လည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ ရွှေပြောင်း နေထိုင်သူများအတွက် မူလဒေသတွင်အိမ်ထောင်စုနှင့် လူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်ခွင့်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးသည့် လုပ်ငန်းများအပြင် နိုင်ငံသားတစ်ယောက်တွင် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည့် နိုင်ငံသား အသိအမှတ်ပြုကတ်ပြားများကို နိုင်ငံသားတိုင်း ကိုင်ဆောင်နိုင်ခွင့်ရရှိရေးကို နိုင်ငံတစ်ဝန်လုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဇင်မာ (ကန်ကြီးထောင့်ပြန်/ဆက်)