ရသေ့တောင် ဇွန် ၁၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့ စာပေ ပလက်ဖောင်းအဖွဲ့မှ ဦးဆောင်ပြီး အများပြည်သူ အနေဖြင့် စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုငှားရမ်းနိုင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ်(၁)နာရီက ရသေ့တောင်မြို့ အထက(၂)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
“ကျနော်တို့စာပေပလက်ဖောင်းအဖွဲ့အနေနဲ့ ယခုလို Mobile Library ဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်ကတော့ စာပေဆိုတာ နေရာတိုင်းမှာ အရေးကြီးပါတယ်။ လူအများကတော့ အကြောင်းအမျိုးမျိုးကြောင့် စာဖတ်တဲ့ အလေ့အထမရှိကြဘူး။ အဲ့ဒါကြောင့် ကျနော်တို့က လူတိုင်းစာဖတ်လာစေရေး၊ စာပေကိုချစ်မြတ်နိုးတဲ့စိတ် တန်ဖိုးထားလေးစားတဲ့စိတ်နဲ့ စာပေကိုချစ်မြတ်နိုးသူတွေပေါ်ထွက်လာစေရေး ရည်ရွယ်ပြီးတော့ အခုလိုမျိုး Mobile Library စနစ်ဖြင့် ဆောင်ရွက်ရတာဖြစ်တယ်” ဟု စာပေ ပလက်ဖောင်းအဖွဲ့မှ ကိုအောင်ပြည့်ဖြိုးက ပြောကြားသည်။
“အခုလို စာအုပ်စာစောင်တွေကို အလွယ်တကူဖတ်ရှုခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ စာအုပ်ဆိုတာက ကျနော်တို့အတွက် အသိပညာဗဟုသုတရရှိစေတဲ့အရာ တစ်ခုလည်း ဖြစ်ပြီး စာဖတ်ခြင်းအားဖြင့် အရာရာကို ဝေဖန်ပိုင်ခြားနိုင်တဲ့ အသိတရားတွေကို ရရှိပါတယ်” ဟု စာဖတ်ပရိတ်သတ်တစ်ဦးဖြစ်သည့် မောင်ကျော်လင်းဌေးက ပြောကြားသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းအား စပေပလက်ဖောင်း အဖွဲ့အနေဖြင့် ဇွန်လ ၁၂ ရက်နေ့မှစတင်ကာ မြို့ပေါ်ရပ်ကွက်များ၊ စာသင်ကျောင်းများသို့ သွားရောက်ပြီး အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာပေ ပလက်ဖောင်းအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)