ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၁) ကျင်းပ

စစ်တွေ  ဇွန်    ၁၉

ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၄/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများတွေ့ရှိလာသည့် အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများသည် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများတွင် ဆောင်ရွက်နေသူများဖြစ်ပါကြောင်း၊ ကျန်းမာရေးသည် အရေးကြီးသကဲ့သို့ ပညာရေးနှင့် နိုင်ငံ၏ စီးပွားရေးသည်လည်း အရေးကြီးသည့်အတွက် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ဖွင့်လှစ်ကာ ကုန်သွယ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် တစ်ဘက်နိုင်ငံသို့ တင်ပို့နေကြသည့် ကုန်ပစ္စည်းများမှာလည်း ဈေးကောင်းရနေသည်ကို ကြားသိရပါကြောင်း၊ ထို့နည်းတူ ကားသမား၊ လှေသမားနှင့်အလုပ်သမားကစ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိကာ ဝင်ငွေရရှိနေကြပါကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ နယ်စပ်ကုန်သွယ်ရေးသွားလာ လုပ်ကိုင်နေသူများကိုလည်း ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်၍ ယခုထက်ပိုမိုပြီး စည်းကမ်းတင်းကျပ်စွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက် လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့်လည်း ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ ယခုထက်ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဝိုင်းဝန်အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ် Coronavirus Disease – 2019 (Covid-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသကိုယ်စားပြုကိုယ်စားလှယ်တို့က ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့မှု အခြေအနေ၊ ကာကွယ် ဆေးထိုးနှံပေးခဲ့မှုနှင့် ဆက်လက်ထိုးနှံပေးသွားမည့်အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းသို့ စက်လှေများ၊ သင်္ဘောများဝင်ရောက် ဆိပ်ကပ်ရာတွင် Quarantine စက်လှေများ ဝင်ရောက်ဆိုက်ကပ်မည့် ဆိပ်ခံတံတား၊ ကုန်တင်၊ ကုန်ချ ဆိပ်ခံတံတား စသည်ဖြင့်နေရာများ သတ်မှတ်ထားကာ တစ်ဘက်နိုင်ငံမှအပြန်လှေများကို တစ်နေရာတည်း (ရေထဲ)တွင် စုထားပြီး Quarantine(၁၀) ရက်ဝင်ရောက်နေမှု၊ ပြည်သူအားလုံး ပါးစပ်နှင့်နှာ ခေါင်းစည်း (Mask)များ တတ်ဆင်သွားလာနိုင်ရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ထုတ်ပြန်ချက်များအား အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေးဆောင်ရွက်နေမှုတို့ကို ဆွေနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥကက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက   ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း