ကျောက်ဆည်မြို့နယ်တွင် စပါးစီမံကိန်းသီးနှံ ဧက(၈၀၀)ခန့် ရေပေးနေသည့် သရက်ချိုမြောင်းအား ပြုပြင်ပေး

ကျောက်ဆည်   ဇွန်   ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသည် စိုက်ပျိုးရေများ ပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရေးအတွက် ရေပေးဝေမြောင်းများ၊ ရေပြွန်များ ပြုပြင်ပေးခြင်းနှင့် မြောင်းဘောင်နံရံများနှင့် ကြမ်းခင်းများအား ကျောက်ဆလံစီခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ မြောင်းဘောင်လမ်းများပြုပြင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စပါးစီမံကိန်းသီးနှံဧက(၈၀၀)ခန့် ရေပေးနေသည့် သရက်ချိုမြောင်းထိပ်ဝ ကျောက်ဆလံစီခြင်းနှင့် မြောင်းကြမ်းပြင် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများ (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းများကို နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ်(၁၁)သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး အရှည်(၁၀၆)ပေ၊ အမြင့်(၅)ပေ၊ ထု(၃)လက်မ မြောင်းနှုတ်ခမ်းကျောက်ဆလံစီခြင်းနှင့် အလျား(၁၀၆)ပေ၊ အနံ(၁၃)ပေ၊ ထု(၄)လက်မ မြောင်းကြမ်းပြင် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများဖြစ်ကြောင်း သိရှိရသည်။

လုပ်ငန်းများဆောင်ရွက်ပြီးပါက အဆိုပါမြောင်းရေသောက်တောင်သူများ၏ စီမံကိန်းသီးနှံ စိုက်ဧက (၈၀၀)ခန့်အား  စိုက်ပျိုးရေများ ပေးဝေရာတွင်  ရေလေလွင့်ဆုံးရှုံးမှုနည်းပါးကာ ထိရောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း  မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)