ဒဂုံအရှေ့ ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဒေသန္တရ ကျန်းမာရေးဌာနတွင် Volunteer Training East Dangon Township သင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအေးနိုင်က လုပ်ငန်းများဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပြီး ကောင်းမွန်သောစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလဲ့လဲ့ဝင်းက ကိုဗစ်လူနာပြုစုစောင့်ရှောက်ရာတွင် တော်ရုံစိတ်ဓာတ်နဲ့ဆောင်ရွက်ရန်ခက်ခဲကြောင်း၊ အခက်အခဲအများကြီး ရှိနိုင်ကြောင်း၊ ရင်ဆိုင်ကျော်လွှားပြီး ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ ပရဟိတစိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိုးလှမင်းက ကြုံတွေ့ရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကိုဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးအေးနိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ သင်တန်းကို ပရဟိတအသင်းများမှ သင်တန်း သား (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ (ပြန်/ဆက်)