မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၃၈) အခြေခံပညာအထက်တန်းကျောင်းတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

အောင်မြေသာစံ  ဇွန် ၁၉

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်လျက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့နံနက်၉နာရီက ညောင်ကွဲရပ်ကွက်ရှိ အမှတ်(၃၈) အခြေခံပညာအထက်တန်းကျောင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပိုးသတ်ဆေးဖျန်းရာတွင် ကျောင်းအတွင်းရှိကျောင်းအုပ်ကြီးရုံးခန်း၊ ကျောင်းခန်းမ၊ စာသင်ခန်းမဆောင်များ၊ မုန့်ဈေးတန်းရှိဈေးဆိုင်များနှင့်ကျောင်းဝင်းအတွင်းတို့ကို လှည့်လည်၍ ပိုးသတ်ဆေးများပက်ဖျန်းပေးကြသည်။

 

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းကို အောင်မြေသာစံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲ(၃)တပ်ခွဲမှူး မောင်မောင်(ခ)ဇော်ဝင်းအောင် (ညောင်ကွဲအရန်မီးသတ်စခန်းတာဝန်ခံ)၊ အမရဌာနီအရှေ့ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှတပ်စုမှူးအောင်ဝင်း၊ အမရဌာနီ အနောက်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူး ကောင်းကြည်ဖြူထက်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း၍ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဇော်လင်းဦး(အောင်စံ)