ပူတာအို ဇွန် ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်နယ် ဘဏ္ဍာခွင့်ပြုရန်ပုံငွေဖြင့် ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း(၇၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယင်း ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့လမ်းပိုင်းသည် မိုင်အရှည်(၁၁)မိုင်ရှိသည့်အနက် ၂၀၁၈-ခုနှစ် မီနီဘတ်ဂျက်တွင် လမ်းအရှည်(၃)မိုင်(၄)ဖာလုံ၊ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ပေ (၄၀)ရှိ သံကူကွန်ကရစ် တံတားတစ်စင်း၊ ပေ(၅၀)ရှိ သံကူကွန်ကရစ်တံတားတစ်စင်းနှင့်ပေ (၆၀)ရှိ သံကူကွန်ကရစ် တံတားတစ်စင်း တို့ကိုဆောက်လုပ်ပြီးစီးခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်သန်း ပေါင်း(၄၆၃.၃၆၀)သန်းဖြင့် လမ်းအရှည် တစ်မိုင်ကို တင်ဒါအောင်မြင်ခဲ့သည့် ပူတာအိုနန်းတော်ဆောက်လုပ်ရေးကုမ္ဗဏီက ၂၀၂၁-ခုနှစ် ဇန်နဝါရီ (၁၅)ရက်မှစတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ(၁၅)ရက်တွင် လုပ်ငန်းရာနှုန်း ပြည့်ပြီးစီးနိုင်ရေးတွန်းအားပေးဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့်လမ်းပိုင်းများကိုလည်း လာမည့်ဘဏ္ဍာရေး နှစ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
ပူတာအို-လယ်မယ်ဝါချီ- နမ်ရှယ်ကော့လမ်းပိုင်းသည် ယခင်က မြေသားလမ်းသာဖြစ်သောကြောင့် မိုးရာသီကာလတွင် ဒေသခံပြည်သူများသွားလာရေးခက်ခဲခြင်းနှင့် အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါ လမ်းပိုင်းဆောင်ရွက်ပြီးစီးပါက ပူတာအိုမြို့နယ်ရှိ ကျေးရွာအုပ်စုနှစ်အုပ်စု၊ ကျေးရွာပေါင်း(၁၉)ရွာ၊ လူဦးရေ (၇၇၂၈)ဦးနှင့် မချမ်းဘော့မြို့နယ်မှကျေးရွာအချို့မှ ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့ကို အကျိုးပြုလာမည့်အပြင် မိုးရာသီကာလတွင်လည်း မြို့ပေါ်သို့ အချိန်တိုအတွင်းသွားလာနိုင်တော့မည်ဖြစ်သည်။
ဖုန်ကန်(ပူတာအို)