မြစ်သား ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် သပြေတောင်းကျေးရွာအုပ်စု၊ မြင်းခြံကုန်းကျေးရွာ ရှမ်းဗျက်ကုန်း ကျေးလက်ဒေသ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုများအား ယနေ့နံနက် (၁၀) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးလက်ဒေသကုန်ထုတ်လမ်းကို မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မူလငွေလုံး ငွေရင်းရန်ပုံငွေ (၁၃၁.၄)သန်းဖြင့် တင်ဒါအောင်မြင်သည့် လင်းလက်ပြည့်စုံအောင်ကုမ္ပဏီမှ တောင်ဝန်ယူဆောင်ရွက်လျက်ရှိကာ မြင်းခြံကုန်းကျေးရွာ ရှမ်းဗျက်ကုန်း ကုန်ထုတ်လမ်းမြေသား(၂)ပေထုတင်ခြင်း၊ ဂျင်း(၉)လက်မထုတင်ခြင်းနှင့် လမ်းဘေး ဝဲယာရေမြောင်းတူးဖော် ခြင်းလုပ်ငန်း(၂/၆.၄)မိုင် ဆောင်ရွက်နေမှုများနှင့် အဆိုပါကုန်ထုတ်လမ်းပေါ်ရှိ Slab Culvert (၃)စင်း တည်ဆောက်နေမှုများကို မြို့နယ် ဦးစီးမှူး ဦးကိုကိုအောင်နှင့် မြို့နယ်လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့ မှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုသက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းပြီးစီးသွားပါက ဒေသထွက်ကုန်သီးနှံများကို ကျေးရွာအရောက် အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ပြီး ထိုမှတစ်ဆင့် မြစ်သားမြို့၊ ကူမဲမြို့နှင့် အခြားမြို့နယ်အသီးသီးသို့ ရာသီမရွေး အချိန်မရွေး တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများမှလည်း များစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၏ ပြောကြားချက် အရ သိရသည်။
မြမြမွန်