ဆီဆိုင် ဇွန် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် Covid-19 ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ဇွန် ၁၈ ရက်က နောင်ကျောကျေးရွာအုပ်စုနှင့် ပါလောပါကယ်ကျေးရွာအုပ်စုတို့ရှိ မသန်စွမ်းသူများထံသို့ အိမ်တိုင်ရာအရောက်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၁၃)ရွာ မှ ကိုယ်အင်္ဂါမသန်းစွမ်း(၂၇)ဦး၊ ဉာဏ်ရည်မသန်စွမ်း(၈)ဦး၊ အကြားအာရုံမသန်စွမ်း(၅)ဦး၊ အမြင်အာရုံမသန်စွမ်း(၅)ဦး စုစုပေါင်းမသန်စွမ်းသူ(၄၅)ဦးတို့အတွက် တစ်ဦးလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၃၅၀၀၀၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နောင်ကျောကျေးရွာအုပ်စုစာရေး ဦးစိုင်းမင်းထွေးနှင့် နောင်ကျောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်သက်စိုးဦးတို့က အိမ်တိုင်ရာအရောက် ကွင်းဆင်းထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ မသန်စွမ်း ကိုယ်အင်္ဂါမသန်းစွမ်း(၉)ဦး၊ ဉာဏ်ရည်မသန်စွမ်း(၇)ဦး၊ အကြားအာရုံမသန်စွမ်း(၆)ဦး၊ အမြင်အာရုံမသန်စွမ်း(၂)ဦး စုစုပေါင်းမသန်စွမ်းသူ(၂၄)ဦးတို့အတွက် တစ်ဦးလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၇၂၀၀၀၀)ကို ပါလောပါကယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်လှထွန်းနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိသည်။
ဆီဆိုင်မြို့နယ်တွင် ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စုရှိပြီး မသန်စွမ်းသူများ စုစုပေါင်း(၃၁၅)ဦးရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)