မိုင်းယောင်း ဇွန် ၁၉
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) အစီအစဉ်ဖြင့် တစ်အိမ်သုံးဆိုလာစနစ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မုန်းလိုက်ကျေးရွာအုပ်စု နမ့်ဆီလင်းကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းက အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) အစီအစဉ်ဖြင့် တစ်အိမ်သုံးဆိုလာစနစ် ထောက်ပံ့ပေးအပ်ခြင်းနှင့် တစ်အိမ်သုံးဆိုလာစနစ်(SHS-M)၊ (SHS-L) အသုံးပြုသုံးစွဲနည်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တစ်အိမ်သုံးဆိုလာ(100 W) အစုံ ၆၀၊ လမ်းမီးတိုင်(70 W) ငါးစုံနှင့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ(180 W) နှစ်စုံကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်စီမံကိန်းဦးစီးရုံးမှ ဦးစီးအရာရှိ ဦးစိုင်းအောင်ခမ်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ မျိုးမြင့်ကျော်တို့က ကျေးရွာနေပြည်သူများအား အသီးသီး ထောက်ပံ့ပေးအပ်ကြပြီး ကျေးရွာ တာဝန်ခံ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း