အခြေခံပညာကျောင်းများ၌ လိုအပ်နေသည့်ဆရာ/ဆရာမခန့်ထားနိုင်ရန် ရေးဖြေစာမေးပွဲ ကျင်းပ

ရမည်းသင်း   ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရမည်းသင်း ခရိုင်အတွင်း အခြေခံပညာကျောင်းများ၌ သင်ကြားရေးအတွက် လိုအပ်နေသည့် ဆရာ၊ဆရာမခန့်ထားနိုင်ရန် ရေးဖြေစာမေးပွဲကို ယနေ့ နံနက် ၉နာရီကဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ သင်ကြားရေးဆရာ၊ ဆရာမခန့်ထားရေးအတွက် လျှောက်လွှာများ လျှောက်ထားရာတွင် ရမည်းသင်းမြို့နယ်မှ အထက်တန်းပြ(၂၀)ဦး၊ အလယ်တန်းပြ(၇)ဦး၊ မူလတန်းပြ(၃၃၃)ဦးနှင့် ပျော်ဘွယ်မြို့နယ်မှ အထက်တန်းပြ(၂၇)ဦး၊ အလယ်တန်းပြ(၁၅)ဦး၊ မူလတန်းပြ(၄၇၁)ဦး၊ စုစုပေါင်း (၈၇၃)ဦး လျှောက်ထားခဲ့ပြီး ယနေ့လာရောက်ဖြေဆိုသူအထက်တန်းပြ(၄၂)ဦး၊ အလယ်တန်းပြ(၂၀)ဦး၊ မူလတန်းပြ(၇၀၈)ဦး၊ စုစုပေါင်း(၇၇၀)ဦးတို့ ရေးဖြေစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ရမည်းသင်းခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

ရမည်းသင်းခရိုင်အတွင်း အခြေခံပညာကျောင်းများ၌ သင်ကြားရေးလိုအပ်နေသည့်ဆရာ၊ ဆရာမ ခန့်ထားရေးစာမေးပွဲအတွက် ယနေ့ဖြေဆိုသူများကို ဇွန်၂၀ရက် နံနက်၉နာရီတွင် လူတွေ့မေးဖြေခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်၊ရမည်းသင်း