လားရှိုး ဇွန် ၁၉
ကိုဗစ်(၁၉) ရောဂါပိုးသည် လားရှိုးမြို့၌ ဇွန်လ(၉)ရက်နေ့မှ စတင်တွေ့ရှိခဲ့ရာ ယနေ့အထိ ကူးစက်သူဦးရေများပြားလာခဲ့ပြီးဖြစ်သည်။
ဇွန်လ(၁၉)ရက် နံနက်(၈)နာရီခွဲအချိန်က စတင်ကာ ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီ၊ မြို့နယ်အဆင့်ကော်မတီတို့မှ လားရှိုးမြို့ပေါ် ရပ်ကွက်(၁၂) ရပ်ကွက်တို့၏ သတ်မှတ်နေရာများတွင် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်လျက် နှာခေါင်းစည်းများ ပေးဝေခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူပြု ဆောင်ရန်ရှောင်ရန်များကိုလည်း ကြေငြာပေးသွားမည်ဖြစ်သည်။
လားရှိုးမြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်များတွင်လည်း သွားလာဝင်ထွက်မှုများ အဆင်ပြေစေရေးအတွက် ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက စစ်ဆေးရေး ဂိတ် တစ်ခုစီတိုင်းတွင် အဖွဲ့(၂)ဖွဲ့ဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ရေး စစ်ဆေးဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုများကို ရပ်ကွက်(၁)၌ လားရှိုးမိုတယ်ရှေ့၊ ရပ်ကွက်(၂)၌ မြဝတီဘဏ်ရှေ့၊ ရပ်ကွက်(၃)၌သုခလမ်း၊ ရပ်ကွက်(၄)၌ ရေကန်လမ်း၊ ရပ်ကွက်(၅)၌အောင်မင်္ဂလာစျေးရှေ့၊ ရပ်ကွက်(၆)၌ရွှေညောင်ပင်လမ်း၊ ရပ်ကွက်(၇)၌လုံလော့စျေး၊ ကွက်သစ်စျေး၊ရပ်ကွက်(၈)၌မန်ဆူကားဝင်း၊ ရပ်ကွက်(၉)ရုံးရှေ့၊ ရပ်ကွက်(၁၀)မီးပွိုင့်နား၊ ရပ်ကွက်(၁၁)ရုံးရှေ့၊ ရပ်ကွက်(၁၂)၌ လားရှိုးကြီးမီးပွိုင့်တို့တွင် နှာခေါင်းစည်း(၆၀၀၀)ခုအား ပေးဝေခြင်းနှင့် ကျန်းမာရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ကြေငြာပေးသွားမည်ဖြစ်သည်။
ထို့ပြင်ရှမ်းပြည်နယ်သို့ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များသည်လည်း ရှမ်းပြည်နယ် ကိုဗစ်(၁၉) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)