မူဆယ် ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် (၁၂-၆-၂၀၂၁)ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက်(၈)နာရီမှ နေ့လည်(၁)နာရီအထိ၊ လူစည်ကားရာ နေရာများနှင့် လမ်းဆုံလမ်းမများတွင် ပြည်သူများအား နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအသိပညာများ ရရှိစေရေး ရည်ရွယ်၍ “ကိုဗစ်-၁၉ ရောဂါ မိမိကစ ကာကွယ်ပါ” ဆောင်ပုဒ်အတိုင်း မိမိတို့ တစ်ဦးချင်း အိမ်ပြင်ထွက်သူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာခြင်းဖြင့် မိမိတို့မိသားစုအပါအဝင် ပတ်ဝန်းကျင်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မကူးစက်၊ မပြန့်ပွားစေရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်း ဖြစ်ကြောင်း မြင့်မြတ်ပါရမီပရဟိတအသင်း ဥက္ကဋ္ဌ ဦးအောင်လှိုင်ဝင်းက ပြောကြားခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မူဆယ်ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဖွဲ့စည်းထားရှိသည့် အသိပညာပေးရေး ဆပ်ကော်မတီမှ တာဝန်ယူ၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အယ်လ်စိုး(မူဆယ်)