တောင်ကုတ် ဇွန် ၁၈
ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် မိုးရာသီလူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို တောင်ကုတ်မြို့ အစိုးရစက်မှု၊ လက်မှုသိပ္ပံကျောင်းရှေ့ လမ်းဘေးဝဲယာနှင့် တောင်ကုတ် မန်အောင် ရွှေလင်းယုန် အမြန်ရေ ယာဉ်ဆိပ်ဆင်း လမ်းမကြီး လမ်းဘေးဝဲယာတို့၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားတွင် တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းထွန်း၂ က မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးရန် ပျိုးပင် များအား ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဌာနအသီးသီးမှ ဝန်ထမ်းများနယ်မြေခံ တပ်မမှ အရာရှိအရာခံတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဝင်များက မိုင်ဂျန်ရှား (၅၀၀) ပင်နှင့် မဟော်ဂနီ (၅၀၀)ပင် စုစုပေါင်း (၁၀၀၀) ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ယခုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရခြင်းမှာ နိုင်ငံတစ်ဝှမ်း စိမ်းလန်းစိုပြေရေး၊ သစ်တော ဖုံးလွမ်းမှု ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ တောင်ကုတ်မြို့သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး တောင်ကုတ်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်မိုးရာသီ ၌ စီးပွားဖြစ် ပျဉ်းကတိုး၊ မိုင်ဂျန်ရှား ပျိုးပငပေါင်း (၂၇၅၅၀၀) ပင် အား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူးထံမှ သိရသည်။