နေပြည်တော် ဇွန် ၁၈
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပြန်လည်ဖြစ်ပွားနေလျက်ရှိရာ နေပြည်တော်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ပြည်တွင်း/ပြည်ပမှ ပြန်လည်ရောက်ရှိသူများ၊ ရောဂါဖြစ်ပွားမှုများပြားနေသည့်ဒေသများမှ ဝင်ရောက်လာသည့် ပြည်သူများအား နေပြည်တော်အဝင် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုလုပ်ငန်းကို နေ့စဉ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဆောင်ရွက်နေလျက်ရှိကြောင်းသိရသည်။
နေပြည်တော်ကောင်စီ Coronavirus Disease (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်သည် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ နေပြည်တော်ပြည်သူ့ကျန်းမာကုသရေးဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်၊ ဒက္ခိဏခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ ဇွန်(၁၇)ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်အဝင် ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်နေမှုလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ကတာဝန်ရှိသူများအား လက်ရှိ အချိန်တွင် COVID-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်လာသည်ကိုလည်းတွေ့နေရပါကြောင်း၊ နေပြည်တော်အတွင်း COVID-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း ဝင်ရောက်လာသူများကို နေရပ်လိပ်စာများနှင့်ကျန်းမာရေး စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်စေလိုကြောင်း၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် လိုအပ်သည့် အဆောက်အဦများနှင့် ကျန်းမာရေး စစ်ဆေးမည့် အခန်းများကို အမြန်ဆောင်ရွက်စေလိုကြောင်းမှာကြားသည်။
နေပြည်တော်အတွင်း ရောဂါဖြစ်ပွားမှုများပြားနေသည့် Stay at Home ဟုသတ်မှတ်ထားသည့် ဒေသများမှ ဝင်ရောက်လာသူများကို စိစစ်ဆောင်ရွက်ပြီး သက်ဆိုင်ရာ Quarantine Centre များတွင် ထားရှိသွားမည် ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းဝင်း