မိုင်းလုံမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်

မိုင်းလုံ  ဇွန် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်ခန့်က တောင်နီကျေးရွာအုပ်စု၊ ကုန်းမုံကျေးရွာတွင်  လဝကဦးစီးမှူး ဦးထင်ကျော်ဦးက ဦးဆောင်၍ သွားရောက် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်နီ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချစ်စေးနှင့်ကုန်းမုံကျေးရွာ သူကြီး ဦးအောင်မျိုးတို့က ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူများကိုစု၍ လဝကဦးစီးမှူးနှင့် ဝန်ထမ်းများက အိမ်ထောင်စုအသစ်များပြုလုပ်ပေးခြင်း၊ မွေးတိုးများကို ဖြည့်သွင်းပေးခြင်း၊ သေဆုံးသူများကို အိမ်ထောင်စုစာရင်းမှ ဖျက်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လျှောက်စေခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမပြုလုပ်ရသေးသူများကို အသစ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကျေးရွာအရောက်ဆောင်ရွက်ရာတွင် ကုန်းမုံကျေးရွာနေ ပြည်သူများမှ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ်မရှိသူ(၆၂)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၁ဝ)စုကို ဆောင်ရွက်ပေးခဲ့ပြီး ကုန်းမုံသူကြီး ဦးအောင်မျိုးက ယခုလိုကျေးရွာ အရောက် လာရောက်ဆောင်ရွက်ပေးသောကြောင့် ကျေးရွာနေပြည်သူများအားလုံး အဆင်ပြေ၍ ပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

မိုင်းလုံ(ပြန်/ဆက်)