ညောင်ဦး ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် ဆယ်နှစ်အတွင်း တိုက်လိပ်များ သားပေါက်လာခဲ့ကြောင်း၊ တိုက်လိပ်များသည် မြန်မာတစ်နိုင်ငံ ထဲမှာသာရှိသည့် ဌာနေဖွားမျိုးစိတ်ဖြစ်ပြီး နေရင်းဒေသများတွင် မျိုးသုဉ်းရန် အလွန်နီးကပ်နေသော တိုက်လိပ်များ ဖြစ်ကြောင်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် က ပြောကြားသည်။
အဆိုပါ တိုက်လိပ်များ မျိုးဆက်မပျက်သုဉ်းစေရေးအတွက် မွေးမြူပေါက်ဖွား လာစေရန်ဆိုသည့် ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာတွင် ဌာန၏ခွင့်ချက်ဖြင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)/ လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့(TSA)သည် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်သို့ တိုက်လိပ် ၁၀၀ ကောင်ကို ၂၀၁၁ ခုနှစ်တွင် လာရောက်လွှဲပြောင်း လက်ခံရယူခဲ့ပြီး စတင်မွေးမြူခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ သားပေါက်များဖြစ်သည့် အတွက် အသက် ၃/၄ နှစ်များ ဖြစ်ကြကြောင်း၊ တိုက်လိပ် အထီး ၄၀ကောင်၊ အမ ၆၀ ကောင်၊ စုစုပေါင်း(၁၀၀)ကောင်ရှိခဲ့သော်လည်း၊ ဌာန၏ခွင့်ပြုချက်ဖြင့် ၂၀၁၆ ခုနှစ်တွင် စင်္ကာပူနိုင်ငံသို့ငှားရန် အထီး ၁၀ ကောင်၊ အမ ၆ ကောင်၊ စုစုပေါင်း ၁၆ ကောင်ကိုလည်း ကောင်း၊ ၂၀၁၈ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ လင်းဖားဒေသ၊ စိန့်နန်းရွာတွင် ချင်းတွင်း မြစ်အတွင်း သဘာဝအတိုင်း စေလွှတ်ပေးနိုင်ရန်အတွက် အထီး ၁၀ ကောင်ကိုလည်းကောင်း၊ WCS/TSA သို့ ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ခြင်းကြောင့် ယခုလက်ရှိတွင် အထီး ၂၀ ကောင်၊ အမ ၅၄ ကောင်၊ စုစုပေါင်း ၇၄ ကောင်ရှိကြောင်း လောကနန္ဒာအုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်မှ ရှင်းပြသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)/ လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့ (TSA)တို့ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက် သုတေသနပြုဆောင်ရွက်ခဲ့ရာ (၁၀)နှစ်အကြာတွင် မျိုးဆက်သစ် တိုက်လိပ်များ ပေါက်ဖွားအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဦးရွှေဌေးအောင်က ရှင်းပြသည်။
ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံထဲသာရှိသည့် ဌာနေဖွားမျိုးစိတ်ဖြစ်သကဲ့သို့ ကမ္ဘာတွင် ဒုတိယအရှားပါးဆုံး မျိုးစိတ်တစ်မျိုးဖြစ်သော တိုက်လိပ်ကို သစ်တောဦးစီးဌာန၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်တွင် တိုက်လိပ်မ ၅၄ ကောင်အနက်မှ ခန့်မှန်းခြေ တိုက်လိပ်အမ ၄ ကောင်သည် အသင့်ပြုလုပ်ပေးထားသော သဲသောင်ပြင်ပေါ်သို့ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် တက်ရောက်၍ ဥဥခဲ့ကြောင်း၊ အဆိုပါဥကျင်းထဲမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် တိုက်လိပ်ငယ်တစ်ကောင် စတင်ပေါက်ဖွားလာခဲ့ပြီး၊ ၂၀၂၁ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် တိုက်လိပ်နှစ်ကောင်၊ ဧပြီ ၂၂ ရက်နေ့တွင် တစ်ကောင်၊ ဧပြီ ၂၅ ရက်နေ့တွင် တိုက်လိပ်ပေါက် လေးကောင်၊ စုစုပေါင်းရှစ်ကောင် ပေါက်ဖွားလာခဲ့ကြောင်း၊ တိုက်လိပ်ပေါက်များ ကျန်းမာသန်စွမ်း လျက်ရှိပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် မိတ်လိုက်ခဲ့ကြောင်း၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်မှ ရှင်းပြသည်။
တိုက်လိပ်ငယ် ရှစ်ကောင်ထပ်မံ ပေါက်ပွားလာခဲ့ပြီး မေလ ၈ ရက်နေ့တွင် သုံးကောင်၊ မေလ ၉ ရက်နေ့တွင် တစ်ကောင်၊ မေလ ၁၀ ရက်နေ့တွင် ၃ ကောင် ထပ်မံပေါက်ပွားလာခဲ့ရာ စုစုပေါင်း တိုက်လိပ် ၁၅ ကောင်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
တိုက်လိပ်များသည် ကမ္ဘာတွင် မြန်မာတစ်နိုင်ငံထဲသာရှိသည့် ဌာနေဖွားမျိုးစိတ်ဖြစ်သကဲ့သို့ ကမ္ဘာတွင် ဒုတိယအရှားပါးဆုံး မျိုးစိတ်တစ်မျိုးဖြစ်သော တိုက်လိပ်ကို သစ်တောဦးစီးဌာန၊ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်မှ အရွယ်ရောက်ချိန်၊ မိတ်လိုက်ချိန်၊ ဥဥချိန်၊ သားပေါက်ချိန်များကို တိတိကျကျ မှတ်တမ်းတင် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဒီအချက် ၄ ချက် သိရှိနိုင်ဖို့ကိုလည်း လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် ဝန်ထမ်းများအနေဖြင့် ဆယ်နှစ်ဆယ်မိုး အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှာပြီး အောင်မြင်မှု ရအောင်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကာ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာတင့်လွင်၏ တိုက်လိပ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဆေးပညာနှင့်ကုသခြင်းဆိုင်ရာ ကျွမ်းကျင်မှု၊ လူကိုယ်တိုင် လာရောက်ခြင်း၊ လူကိုယ်တိုင် မလာရောက်နိုင်သည့် အခါများတွင်လည်း Viber, Online ,Video တို့ဖြင့် သိလိုသည်များ မေးမြန်းသည့်အခါများတွင်လည်း စေတနာအပြည့်ဖြင့် ရှင်းပြပေးကြောင်း စသည့် စေတနာ့ ဝန်ထမ်းများ၏ အားကျိုးမာန်တက် ပါဝင်ဆောင်ရွက်မှုများက လောကနန္ဒာ ဘေးမဲ့တော ဥယျာဉ်တွင် ပထမဆုံးမျိုးဆက်တိုက်လိပ်များ ပေါက်ဖွားလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တိုက်လိပ်များ ခြံလှောင်မွေးမြူသည့် နေရာ(၃)နေရာရှိကြောင်း ရတနာပုံ တိရစ္ဆာန်ဥယျာဉ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ လောကနန္ဒာတိရစ္ဆာန် ဘေးမဲ့တောဥယျာဉ်တို့ဖြစ်ကြောင်း၊ စင်္ကာပူနိုင်ငံသို့ ငှားရမ်းထားသော အရွယ်တူ၊ သက်တူလိပ်များမှာ သိပ္ပံနည်းကျ စနစ်တကျ သုတေသနပြု၊ ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသော်လည်း အောင်မြင်သော သားပေါက်မရှိသေးကြောင်း၊ TSA မှ ဌာနေဒါရိုက်တာ ဒေါက်တာကလျာ ပြောပြချက်အရ သိရသည်။ နောင်အနာဂတ်တွင် လောကနန္ဒာဘေးမဲ့ တောဥယျာဉ်တွင် လက်ရှိမွေးမြူထိန်းသိမ်းထားသော ကမ္ဘာ့ရှားပါးစာရင်းဝင် ကြယ်လိပ်များကဲ့သို့ သောင်းချီပွားများလာအောင် မျိုးစေ့ချပေး သွားနိုင်လိမ့်မည်ဟု ယုံကြည်မှုအပြည့်ဖြင့် လောကနန္ဒာ ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ထပ်ဆင့်ရှင်းပြသည်။
တိုက်လိပ်ဆိုင်ရာအချက်အလက်
(က)မြန်မာအမည် -မြန်မာ့တိုက်လိပ်
(ခ)အင်္ဂလိပ်အမည်-Myanmar Roofed Turtle
(ဂ)သိပ္ပံအမည် -Bataugr trivittata ဖြစ်ကြောင်း၊ တိုက်လိပ်များကိုအခြားအခေါ်အဝေါ်
(ဒေသအခေါ်အဝေါ်)တိုက်လိပ်၊လိပ်တိုက်၊ လိပ်ချို၊လိပ်ခုံး၊ရေညှိလိပ်တို့ခေါ်ကြပြီး ဧရာဝ တီမြစ်၊ချင်းတွင်းမြစ်၊စစ်တောင်းမြစ်နှင့်၄င်းတို့၏မြစ်လက်တက်များတွင်တွေ့ရှိရကြောင်း၊ ယခုအခါ ချင်းတွင်းမြစ်(စစ်ကိုင်းတိုင်းဒေသကြီး)၊ဒုဌဝတီမြစ်(မန္တလေးတိုင်းဒေသကြီး)တို့ တွင်ရှားပါးစွာတွေ့ရှိရကြောင်းလည်းသိရသည်။
အစားအစာ အသီးအရွက်စားလိပ်ဖြစ်သည်။
ကာကွယ်စောင့်ရှောက်မှု
CITES(၂၀၁၀)….နောက်ဆက်တွဲ(၂)(Appendix 2)
IUCN(၂၀၁၂)….မျိုးသုဉ်းရန်စိုးရိမ်ရ(Critically Endangered)
MWL(၂၀၁၈)….လုံးဝကာကွယ်(Completely Protected)
မျိုးသုဉ်းရန်စိုးရိမ်ရသည့် အခြေအနေကြောင့် လုံးဝကာကွယ်ထားသည့် တိုက်လိပ်များဖြစ်ကာ လောကနန္ဒာ ဥယျာဉ်တွင် ပထမဆုံးမျိုးဆက် တိုက်လိပ်(၈)ကောင် ပေါက်ဖွား ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဦးရွှေဌေးအောင်မှ ဂုဏ်ယူစွာရှင်းပြပေးသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း