ကျောက်မဲ ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ပန်းအလှပင်များ၊ အရိပ်ရသစ်ပင်များနှင့် သစ်မာပင်များဖြစ်သည့် ချယ်ရီ၊ ဆူးထင်းရှုး၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်စသည့် အပင် ၂၀၀ ပင်ခန့်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ယခုနှစ်မိုးရာသီအတွင်း ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ကျောက်မဲမြို့နယ်၊ ချောင်းချောက်၊ နောင်အန်း၊ စခန်းသာနှင့် နားအိုက်ခန့် ကျေးရွာအုပ်စုအတွင်းရှိ မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမ တစ်လျှောက်လမ်းဘေးဝဲယာများတွင် သစ်မာပင်များကို ဆက်လက် စိုက်ပျိုးသွားမည့်အပြင် နားအိုက်ခန့် ကျေးရွာအုပ်စု၌ ကျေးရွာပိုင် လူထုစိုက်ခင်း ၁ ဧက ကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သစ်တောဦးစီးဌာနမှ ယခုနှစ် မိုးရာသီကာလအတွင်း ပြည်သူများတစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက် ရည်ရွယ်၍ လူထုဖြန့်နှစ်ရှည်သီးပင်စားပင်နှင့် သစ်တောသစ်ပင် ပျိုးပင်ပေါင်း ၆ သောင်းကျော် ပျိုးထောင်ထားရှိပြီး စိုက်ပျိုးလိုသည့် ဌာနဆိုင်ရာများနှင့် ပြည်သူများအနေဖြင့် ပျိုးပင်များကို သစ်တောဌာန၌ အခမဲ့သွားရောက်ထုတ်ယူနိုင်ကြောင်း သစ်တောဦးစီးဌာနမှ သိရှိရသည်။
မိုင်းထွန်း(ပြန်/ဆက်)