စစ်တွေ ဇွန် ၁၈
ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၂/၂၀၂၁ ကြိမ်မြောက်အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ကော်မတီအစည်းအဝေးကို တစ်လတစ်ကြိမ်ကျင်းပပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ကွင်းဆင်းတွေ့ရှိချက်များ အပါအဝင် ဆွေးနွေးရမည့် ကိစ္စရပ်များ အမြဲလုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ အားလုံးသိကြသည့်အတိုင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလုပ်ဆောင်ရန် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ လာရောက်ရှင်းလင်း တင်ပြကြသည့် စီမံကိန်းအသစ်များလည်း မကြာခဏရှိနေပါကြောင်း၊ မိမိတို့အနေဖြင့် ရရှိထားသည့်အခြေအနေတွင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခု အစည်းအဝေးတွင် ပုဏ္ဏားကျွန်းစက်မှုဇုန် အကောင်အထည်ဖော်နိုင်ရေးအတွက် စက်မှုဇုန်ဥပဒေအရ အဓိက တာဝန်ရှိသည့် ဌာနဆိုင်ရာများကိုလည်း ဖိတ်ကြားထားပါကြောင်း၊ နောက်အစည်းအဝေးများတွင်လည်း ကျွမ်းကျင်သည့်ဌာနဆိုင်ရာများကို လိုအပ်လျှင် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ သို့မှသာ ဆုံးဖြတ်ချက်များ ချမှတ်သည့်အခါ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုသစ်များ ထပ်မံဝင်ရောက်ရန် ထက် တည်ရှိပြီးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ငန်းဆောင်ရွက်နိုင်ရန်လည်း အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်းနှင့် ယခုအစည်းအဝေးတွင် မိမိတို့အတွေ့ အကြုံ အမြင်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြကြကာ ပူးပေါင်းဆောင်ရွက်ပေးကြစေလို ကြောင်းပြော ကြားသည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒေါက်တာ ထူးမင်းသိမ်းက ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ အတည်ပြုမိန့်ဖြင့် ပင်လယ်စာပြုပြင် ထုတ်လုပ်ခြင်းနှင့် ရေခဲရိုက်ခြင်းလုပ်ငန်းဆောင် ရွက်လျက်ရှိသော လုပ်ငန်းအား ကွင်းဆင်း စစ်ဆေးခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များနှင့်အတွင်းရေးမှူးတို့က ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည် နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ညှိနှိုင်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်းသိရသည်။
တင်ထွန်း