ညောင်ဦး ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် တောင်ဇင်းအုပ်စု၊ ပျဉ်တိုင်းကျေးရွာသို့ ရေဂါလံ ၁၂၀၀ ကို အေးမေတ္တာရေအလှူတော်အသင်းက ယမန်နေ့ နံနက် ၉နာရီအချိန်က သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေ အလှူတော် အသင်းထံက သိရသည်။
ညောင်ဦးမြို့နယ် ပျဉ်တိုင်းကျေးရွာသည် ညောင်ဦးမြို့မှ မိုင် ၂၀ခန့်ကွာဝေးပြီး သောက်ရေ ခက်ခဲသည့်ကျေးရွာဖြစ်ကြောင်း၊ စက်ရေတွင်းရှိသော်လည်း သောက်သုံး၍မရပဲ အလှူရှင်များ လှူဒါန်းသည့် မြစ်ရေကိုသာ မှီခိုအားထားနေရသည့်ကျေးရွာဖြစ်ကြောင်း သိရပြီး အိမ်ခြေ ၁၀၀ကျော်နှင့် လူဦးရေ ၄၅၀ဦးကျော်နေထိုင်သည့်ကျေးရွာဖြစ်ကြောင်း လည်းသိရသည်။ ညောင်ဦးမြို့နယ် ကျေးရွာ/တဲတိုက်အများစု စက်ရေတွင်း၊ အဝီစိတွင်း များရှိကြသော်လည်း ထုံးဓာတ်ပါဝင်မှုများပြားခြင်း၊ ရေငံခြင်းများကြောင့် သောက်သုံး၍ မရခြင်း၊ ထမင်း/ ဟင်းချက်သော်လည်း ထမင်းဟင်းပျက်စီးမြန်ခြင်းများကြောင့် မြို့ပေါ်မှ ဧရာဝတီမြစ်ရေ လှူဒါန်းသည့် ရေအလှူတော်အသင်းများကိုသာမှီခိုအားထားနေရသည့် ကျေးရွာ/တဲတိုက် (၈၀)ကျော်ရှိနေသေးကြောင်းသိရသည်။မိုးခေါင်ရေရှားရပ်ဝန်းဖြစ်ခြင်း ကြောင့် တစ်နှစ်ပတ်လုံး နေမှ မိုးရေချိန် ၁၅လက်မအောက်သာရွာလေ့ရှိပြီး မြေသားရေလှောင်ကန်များ ရေဝင် ရောက်မှုမရှိသည့်နှစ်များ သောက်သုံးရေပိုမိုခက်ခဲပြီး၊ မိုးရွာချိန် သောက်သုံးရေရရှိရန် အုတ်ကန်ငယ်များ၊ စဉ့်အိုးများ၊ ရေစည်ပိုင်းများဖြင့် အိမ်တံစက်မြိတ်မှရေတလျောက် ပြုလုပ်ပြီး သောက်သုံးရေအတွက် ရေလှောင်ထားကြကြောင်းလည်း သိရပြီး ရေအလှူရှင်များ လှူဒါန်းသည့် ရေကိုမှီခိုအားထားနေရကြောင်း၊ အေးမေတ္တာရေအလှူတော်အသင်းမှ ယခုနှစ် အတွင်း ရေဂါလံ တစ်သိန်းခွဲကျော်လှူဒါန်းပေးနိုင်ခဲ့ကြောင်း လည်းသိရပြီး ညောင်ဦးမြို့နယ် အတွင်း သောက်သုံးရေလှူဒါန်းပေးလိုပါက အေးမေတ္တာ ရေအလှူတော်အသင်း ဖုံးနံပါတ် -၀၉၆၉၆၉၂၆၂၆၃ မှတစ်ဆင့်မိမိသောက်သုံးရေလှူဒါန်း ပေးလိုသည့်ကျေးရွာ/တဲတိုက်များကို လှူဒါန်းပေးနိုင်ကြောင်းလည်းသိရသည်။
ကိုထိန်၊KPD