စဉ့်ကိုင်မြို့နယ်  ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံ၌ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်(၄,၆၄၈,၃၂၀)ကျပ်ပေးအပ်

ကျောက်ဆည်     ဇွန်    ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ ၂၀၁၂-ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား ဦးအောင်စိုး၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် (၄,၆၄၈,၃၂၀)ကျပ် ထုတ်ပေးခြင်း အခမ်းအနားကို အဆိုပါစက်ရုံ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၁)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အကျိုးခံစားခွင့်ငွေများထုတ်ပေးရာတွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးဦးစီးဌာနမှ တိုင်းတာဝန်ခံ အရာရှိ လက်ထောက်မန်နေဂျာ ဒေါ်လွင်လွင်မြင့်နှင့် ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသံခဲတို့က  ၂၀၁၂-ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအကြောင်းများ၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ၊ အာမခံထားသူများ အတွက် အကျိုးခံစားခွင့်များ၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော အာမခံ စနစ်များနှင့် လူမှုဖူလုံရေးငွေ ထည့်ဝင်ခြင်းများအကြောင်း၊ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်ပါ ခံစားခွင့်များအကြောင်း၊ အလုပ်တွင် ထိခိုက်မှုအတွက် အကျိုးခံစားခွင့်များနှင့် ဆေးဖိုးကုန်ကျစရိတ်နှင့် ခရီးစရိတ်များ ပြည်လည်ထုတ်ပေးခြင်း စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးဦးစီးဌာနမှ တိုင်းတာဝန်ခံအရာရှိ လက်ထောက် မန်နေဂျာ ဒေါ်လွင်လွင်မြင့်က ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင် ထားသော ကံကောင်းခြင်း သစ်အချောထည်စက်ရုံမှ အလုပ်တွင် ထိခိုက်ခဲ့မှုကြောင့် သေဆုံးခဲ့သည့် အာမခံအလုပ်သမား ဦးအောင်စိုးအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ်(၄,၃၂၀,၀၀၀)နှင့် နာရေးစရိတ် ငွေကျပ်(၃၂,၈၃၂)၊ စုစုပေါင်းငွေကျပ်(၄,၆၄၈,၃၂၀) ကို ဇနီးဖြစ်သူ ဒေါ်မျိုးမျိုးခိုင်အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)