မရမ်းကုန်း ဇွန် ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ တွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဇော်အောင်က ပြောကြားရာတွင် "ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးဟာ အသွင်ပြောင်းပုံသဏ္ဍန်ဖြင့် ကူးစက်ပြန့်ပွားလျက်ရှိကြောင်း၊ မိမိတို့မြို့နယ် အတွင်းသို့ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များအနေနဲ့ ကိုယ့်မြို့ ကိုယ့်ရပ်ကွက်အား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိရပ်ကွက်အတွင်း ပြည်ပမှ ပြန်လာသူများရှိပါက တာဝန်ရှိသူများ ထံသို့ သတင်းပေးပို့သွားရန် လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ကြက်ခြေနီ၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့မှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။