မြစ်ကြီးနား ဇွန် ၁၈
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များက ပြည်ထောင်စုဘဏ္ဍာနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများတွင် ပါဝင်သည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ဘတ်ဂျက်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အတွင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားများကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဘတ်ဂျက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရေးဆွဲဆောင်ရွက်ထားပြီး ဖြစ်သော်လည်း ဘတ်ဂျက်နှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆)လစာ Mini ဘတ်ဂျက်ရေးဆွဲ တင်ပြရန် ညွှန်ကြားလာသဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အမြန်ဆုံးရေးဆွဲ ပေးပို့နိုင်ရေးနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ရေးဆွဲဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ယခုရေးဆွဲတင်ပြရမည့် Mini ဘတ်ဂျတ်အတွက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲတင်ပြရာတွင် အမှန်တကယ်သုံးစွဲနိုင်သည့် ပမာဏကိုသာ လျာထားရေးဆွဲနိုင်ရေးနှင့် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များအပေါ် ဆွေးနွေးပြောကြားပြီး ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ် စီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ တို့တွင်ပါဝင်သော ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် Mini ဘတ်ဂျက်အတွက် အရအသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲတင်ပြရာတွင် အသုံးစရိတ်များအပေါ် သတိပြုလိုက်နာ ဆောင်ရွက်ရ မည့်အချက်များနှင့် ဒေသန္တရစီမံကိန်းလုပ်ငန်းများ ရေးဆွဲတင်ပြရာတွင်ထည့်သွင်း လျာထား တင်ပြရမည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြမှုများအပေါ် ပြည်နယ်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးက Mini ဘတ် ဂျက်ရေးဆွဲတင်ပြရာတွင် သတ်မှတ်ချိန်ပြီးအောင်ဆောင်ရွက်ပေးပို့နိုင်ရေး အကြံပြုဖြည့်စွက် ရှင်းလင်းဆွေးနွေးရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဌာနဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် Mini ဘတ်ဂျက် ရေးဆွဲတင်ပြရာတွင် သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ၊ ထုတ်ပြန်ထားသည့် အမိန့်/ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျရေးဆွဲ၍ သတ်မှတ်ချိန်အတွင်း ရေးဆွဲပေးပို့တင်ပြနိုင်ရေး သုံးသပ်ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်အတွင်းမူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ မှတ်တမ်းတင် ဂုဏ်ပြုပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂုဏ်ပြု အမှာစကားပြောကြားကာ အမှတ်(၄)မူးယစ်တပ်ဖွဲ့ခွဲ၊ မြစ်ကြီးနားမြို့မှ တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး ကျော်ဇေယျာဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုငွေကျပ် (၄၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ကောင်စီအဖွဲ့ဝင်များက အမှတ်(၁) မူးယစ် တပ်ဖွဲ့စု၊ ဗန်းမော်၊ အမှတ်(၂)မူးယစ်တပ်ဖွဲ့စု၊ မြစ်ကြီးနား၊ အမှတ်(၃) မူးယစ် တပ်ဖွဲ့စု၊ မိုးညှင်းနှင့် အမှတ် (၅၃)မူးယစ်တပ်ဖွဲ့စု၊ ဖားကန့်မြို့တို့မှ အရာရှိတပ်ဖွဲ့ဝင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာ များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တပ်ဖွဲ့ခွဲမှူး၊ ဒုတိယရဲမှူးကြီးကျော်ဇေယျာဝင်းက ကျေးဇူးတင်စကားပြန်လည်ပြော ကြားရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးသည် အမျိုးသားရေး ပြဿနာဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီကြရန်လိုအပ်ကြောင်း၊ ဆက်လက်ပြီး ယခုထက်ပိုမိုစွမ်းဆောင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ပြည်နယ်ပြန်/ဆက်