ကျောက်ဆည် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ဂေဟစနစ်သည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ ဂေဟစနစ်ပြန်လည် ထိန်းသိမ်းခြင်းကြောင့်ရရှိလာနိုင်သည့် ဘက်စုံအကျိုးကျေးဇူးများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် နားလည်လာစေရန်နှင့် ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်စိုးစံက ကျန်းမာကြံ့ခိုင်သော သယံဇာတ၊ မျှတသော ဂေဟစနစ်များသည် ဂေဟစနစ်ဝန်ဆောင်မှု အကျိုးကျေးဇူးများစွာကို ထောက်ပံ့ပေးနိုင်ပြီး နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဦးစားပေး လုပ်ငန်းများကို အောင်မြင်အောင်ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ကောင်းမွန်ကြံ့ခိုင်သော သဘာဝပတ်ဝန်းကျင်တစ်ခု ထူထောင်ကြရမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းစံက အကြောင်းအမျိုးမျိုးကြောင့် ရေထု၊ လေထု၊ မြေထုညစ်ညမ်းခြင်း၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ တောမီးများလောင်ခြင်းစသည့်အကြောင်းအရင်းများသည် ဂေဟစနစ်ကို ပျက်စီးစေခြင်း၊ အရည်အသွေးနိမ့်ပါးလျော့ကျခြင်းများ ဖြစ်စေနိုင်သောကြာင့် ဂေဟစနစ် ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ပြည်သူလူထုအနေဖြင့် သစ်တောသစ်ပင်များကိုခုတ်ယူခြင်းမပြုလုပ်ကြရေး၊ တိရစ္ဆာန်များ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် စိတ်အားထက်သန်စွာပါဝင် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
တင်တင်ထွေး (ပြန်/ဆက်)