သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုရစ်နှင့်ရေကောက်ရွာသစ် စီမံကိန်းနေရာတွင် မြေပြိုကျမှုဖြစ်ပွား

သံတွဲ ဇွန် ၁၇

 

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဇွန်လဆန်းမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  သံတွဲ-တောင်ကုတ်လမ်းပေါ်ရှိ ပုရစ်နှင့် ရေကောက်ရွာသစ် စီမံကိန်းနေရာတွင် ယမန်နေ့မှစ၍  မြေပြိုကျ မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါမြေပြိုကျမှုဖြစ်ပွားရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်က သွားရောက်ပြီး သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေး ဦးဆောင် သည့် တာဝန်ရှိသူများက အမြန်ဆုံး မြေထိန်းနံရံ တည်ဆောက်ပြီး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ပုရစ်နှင့် ရေကောက်ရွာသည်  သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရီယာတွင် ပါသည့် အတွက် သံတွဲ-တောင်ကုတ် လမ်းပေါ်ရှိ သံတွဲနှင့် မိုင် ၂၀ ခန့်အကွာသို့ ပြောင်းရွှေ့ တည်ဆောက် နေသော စီမံကိန်းနေရာ ဖြစ်ကြောင်းသိရသည်။