မြောက်ဥက္ကလာပမြို့နယ်တွင် " မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်းကျင်းပ

မြောက်ဥက္ကလာပ ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြောက်ဥက္ကလာပမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စီစဉ်ကျင်းပသော " မူးယစ်ဆေးဝါး အန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကြောင့် ကျန်းမာရေး ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဥပဒေအရ အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဦးအောင်ထူးက စာရေးဆရာ မောင်ကျေးဇူး ရေးသားထားသည့်" လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် " စာအုပ်တွင် ပါရှိသည့် "မူးယစ်ဆေးဝါးကို အလွဲသုံးစားမှုကြောင့် လူ့ဘဝကို အဆုံးသတ်ခဲ့ရပုံများ၊ ယစ်မျိုးငါးပါးနှင့် ပတ်သက်၍ ရှောင်ကြဉ်စရာများနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးအတွက် မြန်မာနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ အကြောင်း" စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များကလည်း မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်ပြီး တစ်ဦးချင်းစီအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

မြမြဝင်း