ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက် ကယ် ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်

မောင်တော ဇွန် ၁၇  

 

ရခိုင်ပြည်နယ် မောင်တောမြို့၌ ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို  ယနေ့ နေ့လယ် (၁၂) နာရီ အချိန်ခန့်က  ကညင်ချောင်းစီးပွားဇုန်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးမှူး ထွန်ရွှေခိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက  မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ကုန်စည်ပို့ဆောင်လျက်ရှိသည့် ကုန်တင်စက်လှေများမှ စက်လှေ သမားများ၊ ကုန်တင်ကုန်ချ အလုပ်သမားများအား ယခုအခါ မုတ်သုံဝင်ရောက်ပြီး မိုးကြိုကာလသို့ ရောက်ရှိလာပြီဖြစ်ရာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်း စသည့်တို့ ဖြစ်ပွား လာနိုင်ပြီး ရေလမ်းကြောင်း ခရီးသွားပြည်သူများအနေဖြင့် ရေယာဉ်တိုက်မှုများ၊ တိမ်မှောက်မှုများ ဖြစ်ပေါ်လာနိုင်လာသဖြင့် မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် မြစ်ချောင်းကမ်းပါး များအနီးတွင် နေထိုင်ကြသော ပြည်သူများ၊ ပင်လယ်၊ မြစ်၊ ချောင်းများတွင် သွားလာနေသော ရေယာဉ်များ အသက်ကယ်ဝတ်စုံ (Life Jackets) ထားရှိရေး ၊ လုပ်သားပြည်သူများအား (Life Jackets) အသက်ကယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး၊ လက်တွေ့သရုပ်ပြ ဝတ်ဆင်မှုများနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ 

အလားတူ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ထွန်းဝင်းနိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးရထားဆိပ်ရပ်ကွက်၊ အမြန်ယာဉ်ဆိပ်ကမ်းတွင် ဘူးသီးတောင်-စစ်တွေ ပြေးဆွဲနေသော အမြန်ယာဉ်များပေါ်၌  ခရီးသွားပြည်သူလူထုများ (Life Jackets) အသက်ကယ် ဝတ်စုံများ ဝတ်ဆင်အသုံးပြုတတ်စေရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး