သာကေတ ဇွန် ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ကျက်သရေဆောင်ဇိနမာရ်အောင်စေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် ယာယီပိတ်ထားရာမှ စေတီတော်မြတ်ကြီး အား စည်းကမ်းချက်နှင့်အညီ အချိန်၊ လူဦးရေ ကန့်သတ်ချက်များဖြင့် မြို့နယ်သံဃနာယက ဆရာတော် ကြီး၏ ဩဝါဒကို ခံယူ၍ ယနေ့ နံနက်(၅)နာရီတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တအာစိဏ္ဏ၊ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တကောမလနှင့် သံဃာတော်အရှင်သူမြတ် (၂၄)ပါးတို့က မြတ်စွာ ဘုရားရှင်အား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ နံနက်(၅)နာရီခွဲတွင် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်း၊ နံနက်(၁၀)နာရီတွင် ပဋ္ဌာန်းအောင်ပွဲကျင်းပခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားတော်နာ ရေစက်ချခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါ စေတီတော် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သူရိန်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းစိုးဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ ဂေါပကအဖွဲ့ဝင်များနှင့် ပြည်သူများ တက်ရောက်ခဲ့သည်။
အဆိုပါ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးကို နေ့စဉ် နံနက်(၆)နာရီမှ ညနေ(၅)နာရီအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မည် ဖြစ်သည်။ အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ်(၂)ခုမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး စေတီတော် ရင်ပြင်ပေါ်ရှိ တန်ဆောင်းများအားလုံး ဖွင့်လှစ်ပေးမည်ဖြစ်သည်။ ၎င်းအပြင် နှစ်စဉ်ပြုလုပ်နေကျ ဝါတွင်း၊ ဝါပဥပုသ်သီတင်းကာလတွင် နေ့စဉ် ဆရာတော်ကြီးများ၏ သီလပေးတရားပွဲများလည်းရှိကာ ပြည်သူများမှ လာရောက်၍ တရားနာယူခြင်း၊ ဦးပုသ်သီလစောင့်ယူခြင်းနှင့် စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြင်နိုင်ပြီးဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသောင်းအေးထံမှ သိရှိရ သည်။
ဆောင်းနှင်းဖြူ