ရန်ကုန် ဇွန် ၁၇
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ဆေးလိပ်သောက်သုံးခြင်း၏ ဆိုးကျိုးများ၊ ဆေးလိပ်၏ သမိုင်းနှင့် ဆေးရွက်ကြီး စတင်တွေ့ရှိပုံတို့ကို သိရှိစေရန် ရည်ရွယ်၍ Youth Club, Woman Club အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးလိပ်ကင်းဝေးရေး စီမံချက်မှ ရေးသားထုတ်ဝေသော"ဆေးလိပ်အန္တရယ်" စာအုပ် ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် Woman Club အဖွဲ့ဝင် ဒေါ်သီတာက ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ် ကင်ဆာ ၊ ခံတွင်းကင်ဆာ ၊ အသံအိုးကင်ဆာ အပါအဝင် အခြားကင်ဆာများလည်း ဖြစ်တတ်ကြောင်း လူငယ် လူရွယ်များအနေနဲ့ မူးယစ်ဆေးဝါးတစ်မျိုး ဖြစ်သည့်ဆေးလိပ်ကို ရှောင်ရှားကြစေလိုကြောင်း မူးယစ်အစ ဆေးလိပ်ကဖြစ်၍ လက်တည့်မစမ်းသင့်ကြောင်းတို့ကို မိမိ၏အတွေ့အကြုံများနှင့် ဆွေးနွေးတင်ပြရာ တက်ရောက်သူများကလည်း မိမိတို့ပတ်ဝန်းကျင်တွင် ဆေးလိပ်နှင့်ပတ်သက်၍ တွေ့မြင်ခဲ့ရသည့် အတွေ့အကြုံများကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် အဖွဲ့ဝင်များက Community Centre ခန်းမတွင် ပြသထားသော မူးယစ်ဆေးဝါး အထိမ်းအမှတ် နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အေးမိုး