သုံးခွမြို့နယ်တွင် ပညာရေး၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

သုံးခွ ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ပညာရေး၀န်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည့်သူဆေးရုံကြီးတွင် ထိုးနှံပေးကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်း ဦးဆောင်သော ကျန်းမာရေး၀န်ထမ်းများက ပညာရေးဌာနရှိ ဆရာ/ဆရာမများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးနောက် ပုံမှန်အနေအထားရောက်မှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ဆေးထိုးနှံသူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပထမအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၀င်(၁) ဗိုလ်မှူး သန့်ဇော်လင်းနှင့် တာ၀န်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့ပေါ်ရပ်ကွက်နှင့်‌ ကျေရွာများရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို  ဇွန်လ ၁‌၇ရက်နေ့နှင့် ၁၈ရက်နေ့တို့တွင် ထိုးနှံပေးမည်ဖြစ်‌ကြောင်း သိရသည်။