မိုးညှင်း ဇွန် ၁၇
ကချင်ပြည်နယ် မိုးညှင်းခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီအစည်း အဝေးကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် ခရိုင်အမျိုးသမီး ကော်မတီဥက္ကဋ္ဌကိုယ်စား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဖြိုးဟန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်က ကလေးသူငယ်များနှင့် ပတ်သက်၍ ကလေးသူငယ်များ၏ အခွင့်အလမ်းများ၊ ဥပဒေအရ ကာကွယ်စောင့်ရှောက်မှု အခြေအနေများ၊ အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်းများ၊ အမျိုးသမီးရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခြေအနေများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အသိပညာပေးသင်တန်း ဖွင့်လှစ်ခြင်းများ၊ သက်ငယ်မုဒိမ်းကိစ္စရပ်များ နှစ်သိမ့်ဆွေးနွေးပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းလုပ်ငန်းများကို ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှ သိရှိလိုသည်များကို အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)