မူဆယ် ဇွန် ၁၇
မြန်မာနိုင်ငံတွင် တစ်ကျော့ပြန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လျက်ရှိရာ မူဆယ်မြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ မူဆယ်မြို့အဝင် ပြည်ထောင်စုလမ်း မုဒ်ဦးရှေ့တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
အဆိုပါကျန်းမာရေး စစ်ဆေးရေးဂိတ်ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ ပရဟိတအသင်း အဖွဲ့များက နေ့စဉ် နံနက်(၇)နာရီမှ ည (၇)နာရီအချိန်အထိ၊ အလှည့်ကျ တာဝန်ယူစစ်ဆေးလျက်ရှိသည်။ မူဆယ်မြို့တွင်းသို့ ဝင်ရောက်လာသည့် ပြည်တွင်း၊ ပြည်ပမှ မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကို စနစ်တကျ စစ်ဆေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Quarantine Centre ကို မူဆယ်မြို့ ပြည်ထောင်စုအားကစားကွင်းနှင့် တရုတ် စာသင်ကျောင်း၌ စီစဉ်ဆောင်ရွက်ထားရှိပြီး တရုတ်နိုင်ငံမှ အပတ်စဉ်လွှဲပြောင်းလာသော ရွှေ့ပြောင်းအလုပ်သမားများကို တရုတ်စာသင်ကျောင်းတွင် ခေတ္တနေရာချထားမည်ဖြစ်ပြီး ပြည်တွင်းမှ မသင်္ကာဖွယ် ကိုယ်ပူချိန်မြင့်သူများကို ပြည်ထောင်စုအားကစားကွင်းရှိ Quarantine Centre တွင် နေရာချထားလျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ (Positive) လူနာများအား မူဆယ်ပြည်သူ့ ဆေးရုံသစ် အဆောက်အဦနေရာတွင် ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အယ်လ်စိုး(မူဆယ်)