ရေး ဇွန် ၁၇
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ်အတွင်းရှိ စျေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြသီတာဈေး၌ ယနေ့နံနက်၉နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကိုကိုနိုင်၊ မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးအောင်ကိုသန့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး စျေးအတွင်းရှိ ရေတွင်း၊ ရေကန်၊ ရေပိုက်ခေါင်းများ ပျက်စီးမှုရှိ/ မရှိ အပေါ့စားမီးသတ်စက်စသည့် မီးသတ်ပစ္စည်းကိရိယာများ၊ မီးသတ်ဆေးဗူး ထားရှိမှုများ၊ လျှပ်စစ်မီးဝါယာကြိုးများသွယ်တန်းထားရှိမှု၊ မီးခလုပ်တပ်ဆင် အသုံးပြု မှုစနစ်များကို လိုက်လံစစ်ဆေးပြီး ဈေးသူ/ဈေးသားများနှင့်အတူ မီးဘေးအန္တရာယ် ကာကွယ်ရေး အတွက် ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ရန်နှင့် ဈေးအတွင်းမီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ဝင်းသုခ (ရွှေဈေး)၊ အောင်မင်္ဂလာဈေး၊ ဗိုလ်ချုပ်ဈေး၊ ဇီးဖြူသောင်ဈေးများကိုလည်း ဆက်လက်စစ်ဆေးသွား မည် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
(မြို့နယ်၊ ပြန်/ဆက်)