ပြင်ဦးလွင် ဩဂုတ် ၁၀
ပြင်ဦးလွင်ခရိုင်၊ လူငယ်ရေးရာကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပွဲတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ဝင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ လူငယ် ကိုယ်စားလှယ်များနှင့် ခရိုင်လူမှုဝန်ထမ်းရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ပြင်ဦးလွင်ခရိုင်အတွင်းရှိ လူငယ်ရေးရာကိစ္စများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်သောကော်မတီတစ်ခုဖြစ်ရန် လိုအပ်ချက်များ၊ ဌာနမှ ပံ့ပိုးပေးနိုင်မှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကိုဆွေးနွေးခဲ့ပြီး လူငယ်ရေးရာမူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ကိုယ်စားလှယ်များနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့်အချက်များ၊ မြို့နယ်အလိုက်ကိုယ်စားလှယ်များ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြသည်။
မြတ်ဆုမွန်