သီပေါ ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ စက်ရုံရပ်ကွက်၌ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်−၁၉ ရောဂါပိုး ကူးစက်ခံရသူအမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၄)ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။
ကိုဗစ်−၁၉ရောဂါပိုး တွေ့ရှိသူ (၄)ဦးအနက် အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့သည် ခရီးသွားရာဇဝင်မရှိသော်လည်း ကိုယ်လက်မအီမသာ ဖြစ်သဖြင့် နမ့်လန်ကျေးရွာအုပ်စု တိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့ရာ တိုက်နယ်ဆေးရုံ ဆရာဝန်က ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး COVID- 19 RDT Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးတွင်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့၏မိသားစုဝင်များဖြစ်သည့် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးနှင့် အသက်(၂၀)အရွယ် အမျိုးသားတစ်ဦးတို့အား ထပ်မံစစ်ဆေးခဲ့ရာ အဆိုပါ နှစ်ဦးတွင်လည်း ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ယင်းပိုးတွေ့လူနာ(၄)ဦးအား ယမန်နေ့ နံနက် ၁၁နာရီ အချိန်ခန့်တွင် နမ့်လန်တိုက်နယ်ဆေးရုံ သီးသန့်ကုသဆောင်တွင်ထားရှိပြီး ညနေ (၄)နာရီခန့်တွင် အဆိုပါပိုးတွေ့လူနာ (၄)ဦးအား နမ့်လန်တိုက်နယ်ဆေးရုံမှ သီပေါမြို့ပြည့်သူ့ဆေးရုံ (Isolation Ward) သို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူနိုင်ရန်အတွက် ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်း ပရဟိတကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)