ကျောက်ဆည် ဇွန်၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်များ ပြုလုပ်ပေးခြင်းကို မေ(၃)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး ယနေ့နံနက် (၁၀)နာရီတွင် ရဲစုအုပ်စု၊ တံတားလည်ရပ်ကွက်၊ ဓမ္မာရုံတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကဒ်များ အသစ်ပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားကဒ်များ ပြုလုပ်ပေးရာတွင် မြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးသောင်းဒန်နှင့် ဝန်ထမ်း တိုက်နယ်မှူး (၈)ဦးတို့မှ လုပ်ငန်းများလျှင်မြန်စွာပြီးစီးနိုင်ရေး ရုံးအဖွဲ့နှင့်ကွင်းဆင်းအဖွဲ့ဟူ၍ အဖွဲ့ (၂)ဖွဲ့ခွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် ရပ်ကွက်၊ကျေးရွာများနှင့် စက်ရုံ၊အလုပ်များတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ နိုင်ငံသားစိစစ်ရေးကဒ် (၁၁၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၄၁)ခု ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)