နမ္မတူမြို့နယ် အ.လ.က (၂) ကျောင်းတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာမ (၃)ဦး၌ Covid-19 ပိုးတွေ့ရှိ

နမ္မတူ   ဇွန် ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ အ.လ.က (၂) ကျောင်းတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာမ (၃)ဦးတွင် ယမန်နေ့က Covid-19 ပိုး တွေ့ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ Covid-19 ပိုးတွေ့ဆရာမ (၃)ဦးမှာ ဇွန်လ (၅)ရက်နေ့တွင် ပခုက္ကူမြို့နယ်မှ နမ္မတူမြို့နယ်သို့ လာရောက်သော နမ္မတူမြို့နယ်၊ ဝိန်းနန်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်း လွန်ကျောင်း (ပန်ခန်း)မှ ဆရာမတစ်ဦး၊ မြင်းခြံမြို့နယ်မှ  နမ္မတူမြို့နယ်သို့ လာရောက်သော နမ္မတူမြို့နယ်၊ မန်ဆာလုံကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း (နားဆန်း)မှ ဆရာမ တစ်ဦးနှင့် လားရှိုးမြို့နယ်မှ နမ္မတူမြို့နယ်သို့ လာရောက်သော နမ့်မျှော်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း (ခါးရိုး)မှ ဆရာမ တစ်ဦးတို့ ဖြစ်သည်။

Covid-19 ပိုးတွေ့ဆရာမ (၃)ဦး တာဝန်ကျရာ ကျောင်းများမှာ လုံခြုံရေးအရ  ဖွင့်လှစ်နိုင်ခြင်း မရှိသောကြောင့် နမ္မတူမြို့နယ် အ.လ.က (၂)ကျောင်းတွင် တွဲဖက်တာဝန်ချထားခဲ့ရာ ဇွန်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် အနံမရရှိသဖြင့် နမ္မတူမြို့နယ်၊ ပြည်သူကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတွင် Covid-19 RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ Covid-19 ပိုးတွေ့ရှိခဲ့သည်။

ထိုသို့ Covid-19 ပိုးတွေ့ရှိသောဆရာမ (၃)ဦးအား နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာ (၃)ဦးလုံးမှာ ယခုအချိန်ထိ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

နမ္မတူမြို့နယ် အ.လ.က (၂)ကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိ‌သော ဆရာမ (၃)ဦးတွင် Covid-19 ပိုးတွေ့ရှိမှုကြောင့် ၎င်းစာသင်ကျောင်းအား အသွားအလာကန့်သတ်ထားသည့် နေရာအဖြစ် သတ်မှတ်ထားရှိပြီး စာသင်ကျောင်းအား ခေတ္တ (၁၀)ရက် ပိတ်ထားမည် ဖြစ်ပါသည်။

အဆိုပါ Covid-19 ပိုးတွေ့ရှိမှုကြောင့် စာသင်ကျောင်းတွင် ပြင်/ထိန်းလုပ်ငန်း ဆောင်ရွက်နေသော လုပ်သား (၄)ဦးနှင့် ကျောင်းအစောင့် (၂)ဦးအား ၎င်းစာသင်ကျောင်းတွင် လည်းကောင်း၊ ဆရာ/ဆရာမ (၁၇)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၃၃)ဦးတို့အား မိမိတို့နေအိမ်များတွင် လည်းကောင်း အသွားအလာကန့်သတ်ထားရှိကာ စောင့်ကြည့်လျက်ရှိကြောင်း နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရှိရပါသည်။          

လူမော် (ပြန်/ဆက်)