သန္ဓေပြောင်းကူးစက်မှုမြန်ဆန်သော မျိုးကွဲ ကိုဗစ်(၁၉)ကူးစက်ရောဂါ ကာကွယ်နိုင်ရေး မြို့ဝင်စစ်ဆေးရေးဂိတ်များ လားရှိုး၌ ပြန်လည်ဖွင့်လှစ်

လားရှိုး  ဇွန်   ၁၇

လားရှိုးမြို့မှ မန္တလေးမြို့တော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်(၁၉)အတည်ပြု လူနာ(၄) ဦးတွေ့ရှိရာမှ လားရှိုးမြို့၌ ကူးစက်မြန်သန္ဓေပြောင်း ကိုဗစ်(၁၉)ကူးစက်ရောဂါ ကာကွယ်နိုင်ရေး အတွက် ဇွန်လ(၁၀)ရက်နေ့ကစတင်ကာ မြို့ဝင်စစ်ဆေးရေးဂိတ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

အစည်းအဝေးဆုံးဖြတ်ချက်များမှ ညွှန်ကြားချက်များအရ လားရှိုးမြို့ဟိုပိတ်အထွက် လမ်းဆုံအား ကိုဗစ်ဒုတိယလှိုင်းများနည်းတူ ပိတ်ထားမည်ဖြစ်ပြီး လားရှိုးမယ်ဟန်စစ်ဆေးရေးဂိတ်နှင့်လားရှိုး ရတနာမဉ္ဇူစစ်ဆေးရေးဂိတ်များမှသာ လားရှိုးမြို့တွင်းသို့ ဝင်ထွက်နိုင်မည်ဖြစ်ကြောင်းအား ခရိုင် ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီနှင့် ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ် ကုသရေးမြို့နယ်အဆင့်လုပ်ငန်းကော်မတီတို့၏ စီစဉ်ဆောင်ရွက်မှုများမှသိရှိရသည်။

လားရှိုးမြို့၌ ဇွန်လ(၉)ရက်နေ့မှ ဇွန်လ(၁၆)ရက်နေ့အထိ ပို့တွေ့လူနာများနှင့်ဆက်စပ်ထိတွေ့သူ များစုစုပေါင်း(၅၀၀)ကျော်ရှိနေပြီးအာခေါင်တို့ဖတ်(PCR)ဖြင့်(၄၇၉)ဦး၊နှာခေါင်းတို့ဖတ်(RDT)ဖြင့်(၆၇)ဦးစစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာ(၆၈)ဦး တွေ့ရှိခဲ့ပြီး အဆိုပါလူနာများအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြည့်ကုသလျက်ရှိကြောင်း ကိုဗစ် (၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံကသိရသည်။

ဟန်ဌေး(လားရှိုး)