ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ဧက (၅၂,၇၉၉)ဧက စိုက်ပျိုးသွားမည်

ကျောက်ဆည်   ဇွန်    ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးစိုက်ဧက (၅၂,၇၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပြီး  လျာထားစိုက်ဧကပြည့်မီရေးနှင့် လိုအပ်မှုများမရှိစေရေးအတွက် ယမန့်နေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ ရှေ့တန်း စိုက်ပျိုးရေးနည်းပညာပေး စခန်းများတွင် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများ တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂-ခုနှစ် မိုးစပါးများစိုက်ပျိုးရာတွင် ကင်းတားဆည်ရေသောက် စနစ်ဖြစ်သော သင်းဒီးမြောင်းတွင် (၅၉၁၀)ဧက၊ ထုံးကြီးမြောင်းတွင် (၂၅၂၁)ဧက၊ စမာမြောင်းတွင် (၇၀၇၂)ဧက၊ ဒီဝိုင်-၂၅ မြောင်းတွင် (၅၂၄)ဧက၊ သစ်တက်ကုန်းဆည် ရေသောက်စနစ်ဖြစ်သော သစ်တက်ကုန်းမြောင်းတွင် (၄၃၆)ဧက၊ မိုးကောင်းရေသောက်စနစ်ဖြစ်သည့် ရဲရမန်းဘော် တောင်ဒေသတွင် (၂၃၂)ဧက နှင့် ရဲဘော်ကြီး ကျေးရွာအုပ်စုကွင်းတွင် စက်ရေတွင်း (မြေအောက်ရေ)ဖြင့် (၁၁၀)ဧက စုစုပေါင်း (၅၂၇၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် လျာထားမိုးစပါးစိုက်ဧကများ ပြည်မီကျော်လွန်ရေးအတွက် မြို့နယ် အတွင်းရှိ မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသည့် ရှေ့တန်း စိုက်ပျိုးရေးနည်းပညာ ပေးစခန်းများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း  စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တွေ့ဆုံပြီး စပါးစိုက်ပျိုးရေးရာသီ မပိတ်ခင်အချိန်ထိ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)