မိုင်းဆတ် ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာပေအသိပညာဗဟုသုတများ တိုးပွားစေရေး စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် စာရေးဆရာအောင်သင်း၏ "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်ပါ ဟောပြောချက် ခေါင်းစဉ်မှ "ကြီးပွားချင်တဲ့စိတ်ရှိရင် ကြီးပွားနိုင်လောက်တဲ့ပတ်ဝန်းကျင်မှာနေပါ။ ကြီးပွား တိုးတက်ချင်လို့ရှိရင် ဆုတ်ယုတ်ပျက်စီးစေသော ပတ်ဝန်းကျင်ကို ချက်ချင်းဖြတ်ပါ၊ ရုတ်တရက် ဖြတ်မရရင် ကောင်းတာတစ်ခုခုနဲ့ အစားထိုးပါ။ ကြီးပွားအောင်မြင်ချင်တဲ့လူဟာ စိန်ခေါ်ခြင်းကို လက်ခံနိုင်ရမယ်။ ဓားသွေးတယ်ဆိုတာ ကျောက်တုံးပေါ်သွေးရတာ၊ ကတ္တီပါပေါ်သွေးလို့ ထက်တာမဟုတ်ဘူး။ စိန်ခေါ်တာကို လက်ခံနိုင်မှ အောင်မြင်တာ၊ အောင်မြင်ချင်တယ်ဆိုလို့ရှိရင် တိုက်ပွဲရှိရတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ "ငါ အောင်မြင်တယ်" ဆိုရင် အရူးဖြစ်နေမယ်။ ကြီးပွားချင်တဲ့စိတ်ကို မီးသေမသွားအောင် အမြဲတမ်းမွေးမြူ ထားပါ။ အခက်အခဲကို စိန်ခေါ်နိုင်တဲ့သတ္တိ။ အဲဒီသတ္တိဟာ ခဏတဖြုတ်သတ္တိမဟုတ်ဘဲ ရေရှည်ခံတဲ့ သတ္တိမျိုး ဖြစ်ရမယ်။ မိမိဘဝရည်မှန်းချက်ကနေပြီးတော့ ပတ်ဝန်းကျင်အတွက် ရည်မှန်းချက်၊ မိမိ မိသားစုဆွေစဉ်မျိုးဆက်အတွက် ရည်မှန်းချက်၊ လောကကြီးအတွက်ရည်မှန်းချက်" စသည့် အကြောင်းအရာများကို ဦးစီးအရာရှိ ဦးသန်းဇော်ဦးက ဖတ်ကြားခဲ့သည်။
ထို့နောက် အမေးအဖြေခေါင်းစဉ်မှ အသေးအဖွဲတွေကို အကြီးအကျယ်မလုပ်ပါနဲ့၊ ပညာရေးဟာ ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းဖြစ်တယ်၊ သတိရှိပါ၊ ရည်မှန်းချက်ပြတ်သားဖို့က ပထမ၊ ယုံကြည်ချက်က ဒုတိယ စသည့် အကြောင်းအရာများကို ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူတို့က ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းဇော် (မိုင်းဆတ်)