ရွာငံ ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့်မြို့နယ်တစ်ခုဖြစ်ပြီး ခရမ်းချဉ်၊ ငရုပ်၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ မုန်ညှင်း၊ အာလူး အစရှိသော ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြရာ ယခုနှစ်တွင် တောင်သူအများစုမှာ ခရမ်းချဉ် များကို အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ခရမ်းချဉ်များကို မိုးကြိုကာလနှင့် မိုးတွင်းအချိန်များတွင် အဓိကထား၍ စိုက်ပျိုးကြပြီး မိုးကြိုကာလစိုက်ပျိုးခြင်းကို ဖေဖော်ဝါရီလမှစတင်၍ မြေပြင်ခြင်း၊ ပျိုးထောင်ရန်အတွက် ပျိုးအိတ်များတွင် မြေကြီးများသွတ်ခြင်း ပြုလုပ်ပြင်ဆင်ထားရပြီး မတ်လတွင်ပျိုးအိတ် အတွင်း မျိုးစေ့ထည့်၍ စတင်ပျိုးထောင်ကြသည်။ သင်္ကြန်ကာလတွင် ရွာသွန်းသောမိုးကို ခန့်မှန်း၍ ပျိုးထောင်စိုက်ပျိုးကြသည်။ မိုးကြိုကာလစိုက်ပျိုးချိန်တွင် ခရမ်းချဉ်သီးမှာ များသောအားဖြင့် စျေးကောင်းရရှိတတ်သောကြောင့် တောင်သူအများစုအဓိကထား စိုက်ပျိုးကြသည်။ ပိုးမွှားရောဂါကျရောက်မှုနည်းသော်လည်း ကုန်ကျစရိတ်မှာ မိုးတွင်းစိုက်ပျိုးသည်ထက် ပိုမို များပါသည်။ မိုးတွင်းစိုက်ပျိုးရာတွင် ခရမ်းချဉ်မျိုးများကို ဇွန်လတွင်မြေချပျိုးထောင် စိုက်ပျိုး ကြပြီး စရိတ်နည်းသက်သာကာစျေးကောင်းရရှိနိုင်ရန်အတွက် အခြေအနေနည်းပါးပြီး ပုံမှန်စျေး လောက်သာရောင်းချကြရသည်။ ယခုနှစ်တွင် ဆေး၊ မြေသြဇာ၊ လုပ်အားခ ယခင်နှစ်ထက်ပိုမို များသောကြောင့် ခရမ်းချဉ်သီးတစ်ပင်စိုက်ပျိုးရန်အတွက် ခန့်မှန်းကုန်ကျစရိတ် (၇၀၀)ကျပ်ခန့် ရှိပြီး တစ်ပင်အထွက်နှုန်းမှာ (၂)ပိဿာခန့်သာ ထွက်ရှိနိုင်သောကြောင့် ခရမ်းချဉ်တောင်သူများ စျေးကောင်းရရှိရေး ခန့်မှန်းမျှော်လင့်လျက်ရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်