ရန်ကုန် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ခြင်နှင့်ပိုးလောက်လမ်းများ ပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကြိုတင်ကာကွယ်ရေး အဘိတ်ဆေး ခတ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်မှ စတင်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အင်းစိန် မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ် ကျန်းမာရေးမှူး(စီမံ/ဘဏ္ဍာ)မှ ဒေါက်တာ မိုးမိုးမြင့်က ဦးဆောင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အလယ်တန်း ကျောင်း(၁၂)ကျောင်း၊ မူလတန်းကျောင်း(၃၀)ကျောင်းနှင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း(၃) ကျောင်း စုစုပေါင်း(၅၃)ကျောင်းတို့တွင် အခြေခံကျန်းမာရေး ကျွမ်းကျင် ပညာရှင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူ များက ကျောင်းများအတွင်းတွင် ဖုံး၊သွန်၊လဲ၊စစ် ဆောင်ရွက်ခဲ့ရာ သုံးရေများ အတွင်း အဘိတ်ဆေး ခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များအတွင်းရှိ နေအိမ်များသို့ လည်း တစ်အိမ်တက်ဆင်း သွားရောက်၍ မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်ကြိုတင်ကာ ကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
ဇွဲထက်ကို