တာမွေမြို့နယ်တွင် " မူးယစ်ဆေးဝါးအန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် ဇွန် ၁၆ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများကြောင့် လူနေမှုဘဝများ၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ မူးယစ်ဆေး သုံးစွဲခြင်း၏ အစဖြစ်သည့် ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအန္တရာယ်များ အကြောင်း သိရှိနားလည် စေပြီး မူးယစ်ဆေးဝါးဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်ကြစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စီစဉ်ကျင်းပသော " မူးယစ်ဆေးဝါး အန္တရာယ် " အသိပညာပေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မို့မို့အောင်က မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကြောင့် ကျန်းမာရေး ထိခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဥပဒေအရ အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင် ဦးမြင့်ထွေးက စာရေးဆရာ မောင်ကျေးဇူး ရေးသားထားသည့်" လူငယ်တွေ လမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် " စာအုပ်တွင် ပါရှိသည့် " မူးယစ်ဆေးဝါးကို အလွဲသုံးစားမှုကြောင့် လူ့ဘဝကို အဆုံးသတ်ခဲ့ရပုံများ၊ ယစ်မျိုးငါးပါးနှင့် ပတ်သက်၍ ရှောင်ကြဉ်စရာများနှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးအတွက် မြန်မာနှင့် ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ အကြောင်း " စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော တာမွေမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များကလည်း မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်ပြီး တစ်ဦးချင်းစီအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ နိုင်လင်းအောင်