ရန်ကုန် ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန် ရည်ရွယ် ၍ ကျောင်းများရှိ ဆရာ/ဆရာမ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ထိုးနှံခဲ့ကြောင်း သိရသည်။
ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယမြို့နယ် ကျန်းမာရေးမှူး (စီမံ/ဘဏ္ဍာ)မှ ဒေါက်တာ မိုးမိုးမြင့်နှင့် အခြေခံကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများရှိ ဆရာ/ဆရာ များနှင့်ဝန်ထမ်းများကို (၃)ရက် တိုင်တိုင် ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုးနှံသူများအား ကိုဗစ်-၁၉ ရောဂါ အကြောင်း သိကောင်းစရာများကို အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများကို ဝေငှခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူ(၃၅၀၀)ဦးကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် ကျန်းမာရေးမှူး(စီမံ/ဘဏ္ဍာ)မှ ဒေါက်တာ မိုးမိုးမြင့်ထံမှ သိရသည်။
ဇွဲထက်ကို