နမ္မတူ ဇွန် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်အတွင်းရှိ မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ် (၈၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁နာရီခန့်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့မီးဘေးသင့်ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် တာဝန်ရှိသူများက မီးဘေးသင့်ပျက်စီးခဲ့သည့် လူနေအိမ် (၈၄)လုံး၊ အိမ်ထောင်စု (၈၄)စု၊ လူဦးရေ (၄၅၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေကျပ် (၁၆၇)သိန်း ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးပါ ပလပ်စတစ်ပုံး (၈၄)ပုံးအား ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စု ပန်လုံကျေးရွာမှ မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သော လူနာတစ်ဦးအတွက် ထောက်ပံငွေကျပ် (၅၀၀၀၀)ကျပ်အား ဘေးသင့်လူနာ မိသားစု လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ထောက်ပံ့ရန်ကျန်ရှိသေးသည့် မီးဘေးသင့် နေအိမ် (၄၃)အိမ်၊ အိမ်ထောင်စု (၄၃)စု၊ လူဦးရေ (၂၁၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေများနှင့် ကယ်ဆယ် ရေးပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းထံက သိရပါသည်။
အဆိုပါ မီးဘေးသင့်ပျက်စီးခဲ့သည့်နေအိမ်များမှာ မတ်လ (၂၈)ရက်နေ့မှ မေလ (၃)ရက်နေ့အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်နက်ကြီး ကျရောက်၍ မီးလောင်ပျက်စီးခဲ့သည့် ပန်လုံကျေးရွာအုပ်စုနှင့် ချောင်းဆာကျေးရွာ အုပ်စုအတွင်းရှိ နေအိမ်များဖြစ်ကြောင်း သိရပါသည်။
လူမော် (ပြန်/ဆက်)