သထုံတွင် ကျေးလက်နေအမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအ‌ထောက်အကူပြု အခြေခံ အပ်ချုပ် စက်သင်တန်း ဖွင့်လှစ်

သထုံ ဇွန်   ၁၆

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆင်းရဲနွမ်းပါးမှူလျော့ချရေး လုပ်ငန်းစဥ်တစ်ခုအဖြစ် အခမဲ့ ဖွင့်လှစ်သည့် ကျေးလက်နေအမျိုးသမီးများ ဝင်ငွေတိုးပွားစေရေး သက်မွေးအ‌ထောက်အကူပြု အခြေခံ အပ်ချုပ်စက်သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ကမွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ ကိုးတန်းကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမောင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးဌာနမှူး ဦးမြင့်နိုင်ဦးက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိပြီး ကျေးလက်နှင့်မြို့ပြကွာဟမှု ကျဉ်းမြောင်းလာစေရန်နှင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ သင်တန်းကို အခမဲ့ စားရိတ်ငြိမ်းဖွင့်လှစ် ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ ပြည်နယ်ညွှန်ကြားရေးမှူးက သင်တန်းသူ‌တစ်ဦးထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

အဆိုပါ သင်တန်းတွင် ကျွမ်းကျင်နည်းပြများက အခြေခံလက်ချုပ်၊ ပုဆိုး၊ လုံချည်၊ ဘလောက်(စ်)အင်္ကျီ၊ ရင်ဖုံး/ရင်စေ့အင်္ကျီ၊ စကတ်၊ ဂါဝန်စသည့် အခြေခံစက်ချုပ်ဘာသာရပ်များကို တစ်လကြာ ဖွင့်လှစ် သင်ကြား‌ပေးသွားမည်ဖြစ်ပြီး သင်တန်းသူ ၂၀ ဦးတို့ တက်ရောက်ကြကြောင်း သိရှိရသည်။

ကိုကိုဦး